ဒေးဒရဲ ဖေဖော်ဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာတော် တည်တံ့ပြန့်ပွားရေး၊ ဗုဒ္ဓတရားတော်များကို ကျက်မှတ်ရွတ်ဆို ဖြေဆိုခြင်းဖြင့် သာသနာ့အာဇာနည် အရှင်မြတ်များ ပေါ်ထွန်းလာပြီး သာသနာတော်အကျိုးကို သယ်ပိုးထမ်းရွက်သွားနိုင်စေရန် ရည်ရွယ်၍ (၄၈) ကြိမ်မြောက် ဖျာပုံခရိုင် လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ၊ ရေးဖြေစာမေးပွဲကြီး ကျင်းပလျက်ရှိရာ လေးမြို့နယ်မှ ကြွရောက်လာသည့် ဝန်ဆောင်ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာဖြေရှင်သာမဏေများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုက အာရုံဆွမ်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကြီးကို (၄၈) ကြိမ်မြောက်အဖြစ် ဒေးဒရဲမြို့က တာဝန်ယူ ကျင်းပလျက်ရှိရာ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၏ သြဝါဒနှင့် အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ပူးပေါင်း၍ စာမေးပွဲကြီး အောင်မြင်စွာ ကျင်းပ ပြီးစီးရေး ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေး၊ ဒေးဒရဲမြို့နယ်များရှိ ကျောင်းတိုက်အသီးသီးမှ ရဟန်းသံဃာတော် အပါး (၈၀၀) ကျော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် ဝန်ထမ်းမိသားစုများက အာရုံဆွမ်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ စာမေးပွဲကျင်းပရေးအဖွဲ့ မြို့နယ်ဦးစီးနာယက မှော်အိုင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒသီရိထံက သီလဆောက်တည်ခြင်းနှင့် လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး စာမေးပွဲကျင်းပရေးကော်မတီအဖွဲ့က ဂုဏ်ပြုမှတ်တမ်း လွှာအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးကြီးတွင် ဝင်ရောက်ဖြေဆိုလျက်ရှိသည့် သံဃာတော်များ၊ ကြီးကြပ်ရေးဆရာတော်များအား အေးချမ်းစွာဖြေဆိုနိုင်ရေး ဌာနဆိုင်ရာများနှင့် အလှူရှင်များက လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
အေဇာလင်း