မော်လိုက်မြို့၌ ၂၀၁၀ ပြည့်နှစ် ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

မော်လိုက် ဖေဖော်ဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၁၀ ပြည့်နှစ် ပြည်သူ့စစ်မှုထမ်းဉပဒေ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် ခရိုင်ဉပဒေအရာရှိ  ဦးဆွေဦးက ၂၀၁၀ ပြည့်နှစ်၊ ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းချက် များနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ဉပဒေအရာရှိ ဦးမြတ်သူရဇော်က ၂၀၁၀ပြည့်နှစ် ပြည်သူ့စစ်မှုထမ်းဉပဒေ ပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ သည်။ ဆက်လက်၍ တက်ရောက်လာကြသူများက ၂၀၁၀ ပြည့်နှစ် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင်ဥပဒေအရာရှိ ဦးဆွေးဦးက ပြန်လည်ဖြေကြားခဲ့ သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ” ခေါင်းစဉ်ဖြင့် ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကိုလည်းကောင်း ဖြန့်ဝေပေးခဲ့ကြပြီး အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း (၂၂၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)