ရေဦး ဖေဖော်ဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့ အထွထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ် မွန်းလွဲ ၁ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ စီမံအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရက အဖွင့်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြည်သူ့ စစ်မှုထမ်းထမ်းဥပဒေဆိုင်ရာနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မြို့နယ်တရားသူကြီး ဦးဆန်းမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်ဝင်းလှိုင်တို့က ပြည်သူများ သိရှိရန် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ရာတွင် “ပြည်သူ့စစ်မှုထမ်းဥပဒေအား နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေ အမှတ် (၂၇/၂၀၁၀) ပြဋ္ဌာန်းခဲ့ပြီး ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အာဏာသက်ရောက်အတည်ပြုထုတ်ပြန်ကာ နည်းဥပဒေရေးဆွဲနေ ပြီးဖြစ်ကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်၊ ၂၀၁၀ ခုနှစ် ပြည်သူ့စစ်မှု ထမ်း၊ ဥပဒေပြဋ္ဌာန်းခြင်းနှင့် အာဏာတည်ခြင်း၊ ဥပဒေအာဏာတည်ပြီး လက်ရှိဆောင်ရွက်နေမှု၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့ စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသူများ၊ ယာယီရွှေ့ဆိုင်းခွင့်ရသူ များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ နိုင်ငံတကာတွင် စစ်မှုမထမ်း မနေရစနစ်ကျင့်သုံးသည့် နိုင်ငံများအကြောင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ် ကာလများ စသည့် ပြည်သူ့စစ်မှုထမ်းဥပဒေများနှင့် စပ်လျဉ်း၍ အသီးသီးရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်းခဲ့ပြီး နိဂုံးချုပ်အနေဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရက ခရိုင်နှင့် မြို့နယ်တို့တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ စစ်မှု ထမ်းဆောင်ရန်အတွက် သင်တန်းတစ်ပတ်စဉ်လျှင် လူဦးရေ (၅၀၀၀)ဦး ခေါ်ယူမည်ဖြစ်ပြီး သင်တန်းအမှတ်စဉ်(၁) အတွက် အကျုံးဝင်သူ အမျိုသားများကိုသာ စတင်ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ အမျိုးသမီးများကိုမူ အမှတ်စဉ်(၅)ရောက်မှသာ ခေါ်ယူမည်ဖြစ်ကြောင်းနှင့် လိုအပ် သည်များ ဖြည့်စွက်ပြောကြားခဲ့သည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြ ကြောင်း သိရသည်။
သန်းသန်း (ရေဦး)