မုံရွာ ဖေဖော်ဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးသည် ယနေ့ နံနက် (၉) နာရီက စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ဦးစွာ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက ယခုကျင်းပပြုလုပ်တဲ့ အစည်းအဝေးကတော့ တိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီရဲ့ ၂၀၂၄ ခုနှစ်၊ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပဲ ဖြစ်ပါတယ်။ အစည်းအဝေးပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရာမှာ ကော်မတီဝင်များအနေနဲ့ ကြီးကြပ်မှုကော်မတီရဲ့ လုပ်ငန်းတာဝန်များအတိုင်း ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများအနက် (၁၇.၆.၂၀၂၁) ရက်နေ့မှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်သို့ ထည့်သွင်းဖွဲ့စည်းခဲ့ပြီး (၂၉.၉.၂၀၂၁) ရက်နေ့မှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး နည်းဥပဒေကို ရေးဆွဲပြဌာန်းခဲ့ပါကြောင်း ဝန်ကြီးဌာနအဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဗဟိုကြီးကြပ်မှုကော်မတီနဲ့ နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်မှုကော်မတီများကို ဖွဲ့စည်းပေးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သက်ဆိုင်ရာဝန်ကြီးမှဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ အဖွဲ့ဝင် (၂၂)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ လုပ်ငန်းတာဝန်များဖြစ်တဲ့ ကျေးလက်ဒေသသန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းနဲ့အခြားစီးပွားရေးလုပ်ငန်းများရဲ့ ထွက်ကုန်၊ ထုတ်ကုန်များ ကုန်ကျစရိတ်အနည်းဆုံးဖြင့် ဈေးကွက်သို့ လျင်မြန်စွာရောက်ရှိစေရေး ကုန်ထုတ်လမ်းတံတားများ ဖောက်လုပ်ခြင်း၊ မဟာဓာတ်အားလိုင်းမှ (၁၀)မိုင် ပြင်ပရှိ လျှပ်စစ်မီးမရနိုင်သေးတဲ့ ကျေးရွာများအား အသေးစားဓာတ်အားစနစ် (Mini-Grid) နဲ့ ဆိုလာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း၊ ကျေးလက်နေပြည်သူများရဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ မိသားစုဝင်ငွေတိုးပွားစေဖို့၊ ငွေကြေးအရင်းအနှီးများပံ့ပိုးတဲ့ မြစိမ်းရောင်ကျေးရွာစီမံကိန်းနဲ့ အစုအဖွဲ့စနစ်ဖြင့် ကျေးလက်စီးပွားမြင့်မားရေး လုပ်ငန်းများအပါအဝင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၊ ခေတ်မီစံပြကျေးရွာ (SMART Village) ထူထောင်ခြင်းစီမံကိန်းများကို နှစ်စဉ်လျာထားအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဒါ့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ ကော်မတီဝင်များအနေနဲ့လုပ်ငန်းများဆောင်ရွက်ရာမှာ တွေ့ကြုံရတဲ့အားသာချက်/ အားနည်းချက်များ၊ အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်မယ့်နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးသုံးသပ်အကြံပြုပေးကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးရေးနှင့် အကွက်ချပုံစံ ရေးဆွဲရေးကော်မတီ အတွင်းရေးမှူး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းထိုက်ဦးက ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး စဥ်ဆက်မပျက်ဖော်ဆောင်ရန် မျှော်မှန်းချက်၊ ရည်မှန်းချက်များအပြင် ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အဓိကစီမံကိန်းကြီးများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့်စပ်လျဥ်းပြီး အသေးစိတ်ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာကြသောတိုင်းဒေသကြီး အဆင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြပြီးနောက် အဆိုပါဆွေးနွေးဆုံးဖြတ်ရသောအချက်များအပေါ် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ဆွေးနွေးချက် (၁၁) ချက်ကို အတည်ပြုခဲ့ကြပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)