ဘားအံ ဖေဖော်ဝါရီ ၂၉
၂၀၂၄ ခုနှစ် (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် လမ်းအရှည် ၀/၆ မိုင်၊ အရှည်ပေ ၄၀ တံတား (၁)စင်းကို ခြူးကမ္ဘာမာန်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် လှာကမြင်ကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါ ကုန်ထုတ်လမ်းမုခ်ဦး တည်နေရာ၌ ကျင်းပခဲ့သည်။
ကုန်ထုတ်လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်ပေးသည့် ကုန်ထုတ်လမ်းသည် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်နှင့်အညီ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်၊ မိမိတို့ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်လိုစိတ်များ မွေးမြူကြ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားကြပြီး အကျိုးရှိရှိအသုံးပြုကြရန်နှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်အောင် ခေတ်မီသည့် စံပြကျေးရွာများဖြစ်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ကုန်ထုတ်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူးက ကုန်ထုတ်လမ်းဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရ လက်ဆောင်များ လက်ရောက်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ လှာကမြင်ကျေးရွာ ဆက်သွယ်ထားသည့် ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းဖွင့်ပွဲသို့ တက်ရောက်လာကြသည့် ယဉ်ကျေးမှု ဒုံးအဖွဲ့များ၊ ဖဲကြိုးကိုင်အဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကာ ဂုဏ်ပြုဆုများချီးမြှင့်ပေးပြီး ကုန်ထုတ်လမ်းအား လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်အတွင်းနှင့် ဘားအံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် အဘိုး၊ အဘွားများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်အတွက် လူမှုရေး ပင်စင် ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်၊ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
မှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် ဘားအံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများကို လူမှုရေးပင်စင် ထောက်ပံ့ပေးရတဲ့ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဘိုးဘွားများအနေဖြင့်လည်း မိမိတို့ရပ်ရွာအတွင်း မိမိတို့ဘဝ တစ်လျှောက် လေ့လာမှတ်သားသင်ယူခဲ့သမျှ အတွေ့အကြုံကောင်းများနှင့် သင်ခန်းစာများကို နောင်လာနောင်သားများအား အပြုသဘော ဆန်ဆန်မျှဝေခြင်း၊ ကိုးကွယ်ရာဘာသာတရား၊ လူ့ကျင့်ဝတ်ဖြင့် လိုက်လျောညီထွေ နေထိုင်ကျင့်ကြံနိုင်ရန် ဆိုဆုံးမခြင်း၊ ရပ်ရွာကောင်းကျိုးအတွက် ကောင်းသောဝန်ဆောင်မှုပေးခြင်းတို့ကို တတ်စွမ်း သလောက်ဆောင်ရွက်ပေးဖို့လိုကြောင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် မိမိတို့ကျရာကဏ္ဍမှ ဝိုင်းဝန်းထမ်းဆောင်နိုင်မှသာ အနာဂတ်ဘဝကို ကောင်းမွန်စွာတည်ဆောက်နိုင်မှာ ဖြစ်သလို သက်ရွယ်စုံညီစွာဖြင့် ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်သို့ တက်လှမ်းနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်အတွက် ကရင်ပြည်နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၃၆၄၂ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၁၀၉.၂၆၀ သန်းအား ဘားအံခရိုင် အုပ်ချုပ်ရေးမှူးထံသို့ လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဘားအံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား ၁၅၆၅ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ ငွေကျပ် ၄၆.၉၅၀ သန်းအား ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများက တက်ရောက် လာသော ဘားအံမြို့နယ်၊ ရပ်ကွက်/ကျေးရွာများမှ အဘိုး၊ အဘွားများအား အာဟာရဖြည့်စွက်အစားအစာများ ကျွေးမွေးခြင်း၊ လူမှုရေးပင်စင် ထောက်ပံ့ငွေ တစ်ဦးလျှင် ၃၀၀၀၀ ကျပ်အား လက်ဝယ်ပေးအပ်ခဲ့ကြောင်းနှင့် ပြည်နယ်ကျန်းမာရေးနှင့်ပြည်သူ့ကျန်းရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)