ရေနံချောင်း ဖေဖော်ဝါရီ ၂၉
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်များ၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်သမဝါယမအသင်းစုရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသိန်းထိုက်က သဘာမတိအဖြစ်ဆောင်ရွက်ပြီး မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးမင်းဇော်နိုင်က သမဝါယမအသင်းများအနေဖြင့် ပေးဆပ်ရန်ကျန်ရှိသည့် EXIM Bank ကြွေးကျန်များကို အမြန်ဆုံးပေးဆပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ပေးဆပ်ပြီးသည့် အသင်းများအနေဖြင့် ရာသီအလိုက် သီးနှံများကိုနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပံ့ပိုးသည့်သွင်းအားစုများကို ရယူနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးနိုင်ဝင်းက သမဝါယမအသင်းလုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်သမဝါယမအသင်းစုလီမိတက် တာဝန်ရှိသူများက မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၏ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်နေ့အထိ (၆)လနှစ်ချုပ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်နေ့အထိ (၁၂)လနှစ်ချုပ် စုစုပေါင်း (၁၈)လစာအတွက် ဘဏ္ဍာရေးရှင်းတမ်းများ၊ စာရင်းစစ်ဆေးချက်များနှင့် ရှေ့လုပ်ငန်းစဉ် အစီရင်ခံစာများကို ဖတ်ကြားအတည်ပြုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးမင်းဇော်နိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)