စလင်းမြို့​ စာစီကျောင်းရပ်ကွက် အခြခံပညာမူလတန်းကျောင်း၌ ပြည်သူစစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကျင်းပ

စလင်း ဖေဖော်ဝါရီ  ၂၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် စာစီကျောင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို  ယမန်နေ့နံနက်(၉)နာရီ၃၀အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမိုးဝေယံမြင့်  ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး သန့်ဇင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရပ်မိရပ်ဖ ဦးစိန်လင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်း၊ မြို့နယ်ဒုဥပဒေအရာရှိ  ဦးသက်လင်းဦးတို့မှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များ ဥပဒေဆိုင်ရာအကြောင်းအရာများ စစ်မှုထမ်းရမည့် အသက်အရွယ်အမျိုးသား အသက်(၁၈)နှစ်မှ (၃၅)နှစ်၊ အမျိုးသမီး အသက်(၁၈)နှစ်မှ (၂၇)နှစ်၊ ကျွမ်းကျင်အမျိုးသား အသက်(၁၈)နှစ်မှ(၄၅)နှစ်၊ ကျွမ်းကျင်အမျိုးသမီး အသက်(၁၈)နှစ်မှ(၃၅)နှစ်ဖြစ်ပြီး ကျွမ်းကျင်ဆိုသည်မှာ ဆရာဝန် အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူ၊ သို့မဟုတ်  အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းသူများကို ဆိုလိုသည်၊ ပြည်သူ့စစ်မှုထမ်းခြင်းမှရှောင်လွှဲပါက ကျခံရမည့်ပြစ်ဒဏ်များ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ နိုင်ငံသားတိုင်းအနေဖြင့် စိုးရိမ်စရာမလို ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဥ်း၍  လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူများ အထင်အမြင်လွဲမှားစေရန်  ရည်ရွယ်ချက်အမျိုးမျိုးဖြင့်  ကောလဟာလသတင်းများ ပျံနှံလာမှုအပေါ်  ယုံကြည်မှုမရှိကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက်  တက်ရောက်လာကြသည့် ပြည်သူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက  ပြန်လည်ဖြေကြားဆွေးနွေးရှင်းလင်းခဲ့သည်။ တက်ရောက်လာသည့် ပြည်သူများအား ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့်   ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် စာစီကျောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် စာစီကျောင်းရပ်ကွက်နေပြည်သူများ  တက်ရောက်ခဲ့ကြောင်း  သိရသည်။

မောင်လွင်(စလင်း)