မြို့သစ်မြို့နယ်တွင် လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မြို့သစ် ဖေဖော်ဝါရီ ၂၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လေပြင်းဘေးအန္တရာယ်ကျရောက်ပျက်စီးနိုင်သော လူနေအိမ်(၁၂၀)လုံးအတွက် အမိုးအကာများအား ပြင်ဆင်ခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစတင်၍ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

အဆိုပါ လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့သစ်မြို့နယ် ဒန့်ဒလွန်ပင်ကျေးရွာအုပ်စု၊ ဒန့်ဒလွန်ပင်ကျေးရွာနှင့် လေသာကျေးရွာတို့မှ အမိုးအကာများပြင်ဆင်ရန် လိုအပ်သော အိမ်ခြေ(၁၂၀)လုံးအား အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဝါး၊ ထရံနှင့် လိုအပ်သည်များ ဝယ်ယူအသုံးပြုရန်အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၄၅၀၀၀)နှုန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂၇) ရက်နေ့ကစတင်၍ ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများ ဆောင်ရွက်မှုအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်နှင့် ကော်မတီဝင်များ၊ မြို့သစ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နုနုထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာရှိ စေတနာ့ ဝန်ထမ်းလူငယ်များက လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသည့် လူနေအိမ်များဖြစ်စေရေးအတွက် နေအိမ်များပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)