ပုသိမ် ဖေဖော်ဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၍ တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းဘုရား အဝင်ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းပုခုံး သား မြေသားကပ်ခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်၊ အရိပ်ရပင်များနှင့် အလှ ပန်းပင်များ စနစ်တကျစိုက်ပျိုးကြရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း (မော်တင်) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade 5 နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့သည်။
ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြတ်မော်တင်စေတီတော်မြတ်ကြီး ယာဥ်ရပ်နားကွင်းလုပ်ငန်း၊ မြောက်ဘက်မုခ် ရေကန်အောက်ခြေ ကျောက်စီခြင်းလုပ်ငန်း၊ မြေထိန်းနံရံလုပ်ငန်း၊ မြောက်ဘက်မုခ်လှေကားလုပ်ငန်း၊ တံခွန်တိုင်လုပ်ငန်းဆောက်ရွက် ပြီးစီးမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း ကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် စေတီတော်ကြီး၏ ရင်ပြင်တွင် နေပူခံကျောက်ပြားခင်းကျင်းနေမှုများ၊ စေတီတော်မြတ်ကြီးရင်ပြင် အောက်အနှုတ်(၁၂) level တွင် ကြွေပြားခင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ စေတီတော်ရင်ပြင်အောက်ဘက်ရှိ ကမ်းခြေဆင်းလမ်း ဆောင်ရွက်နေမှုနှင့် စေတီတော်မြတ်ကြီး အနေကဇာဆောင် ပြုပြင်မွမ်းမံမှု လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တာဝန်ရှိသူများမှ မြတ်မော်တင် ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် တိုးချဲ့ခြင်း၊ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများအရည် အသွေးပြည့်မီအောင်ရွက်ရန်၊ မြန်မာမှုလက်ရာ လက်သားများ သေသပ်ကောင်းမွန်စေရန်နှင့် သာသနိကအဆောက်အဦများ ဥပဓိရုပ်ကောင်းမွန်အောင်ဆောင်ရွက်ရန်၊ စေတီတော်ကြီး၏ ပရဝဏ်အတွင်း စိမ်းလန်းစိုပြေအောင်ဆောင်ရွက်ရန်၊ ဘုရားအဝင်လမ်း လမ်းဘေးဝဲယာတွင် အရိပ်ရအပင်များ၊ အလှပန်းပင်များစိုက်ပျိုးရန်၊ ဘုရားအဝင် ကွန်ကရစ်လမ်းပုခုံးသားများအား မြေသားကပ်ဆောင်ရွက်ရန်၊ ဘုရားပွဲတော်ကာလတွင် လာရောက်ဖူးမြော်သူများ များပြားသဖြင့် ယာဥ်ရပ်နားကွင်းများတွင် လျှပ်စစ်မီးလင်းအောင် ဆောင်ရွက်ပေးရန်၊ လုပ်ငန်းဆောင်ရွက်မှုများ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး အင်အားပြည့်ဆောင်ရွက်ရန်၊ အနီးကပ်ကြီးကြပ်ဆောင်ရွက်သည့်အဖွဲ့မှ လုပ်ငန်းအားလုံးဘုရားပွဲတော် ကျင်းပရက်မတိုင်မီ ပြီးစီးရေးကြပ်မတ်ဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ကြိုတင်ရှင်းလင်းဖယ်ရှားရန်၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေးနှင့် သန့်ရှင်းမှုရှိစေရေး အလေး ထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ လိုအပ်ချက်တင်ပြမှုများအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)