ကျွန်းလှမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့ပြသ

ကျွန်းလှ ဖေဖော်ဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့ပြသခြင်းကို ယမန်နေ့နံနက် (၉) နာရီခွဲက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်‌ဈေးရှေ့၌ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်လင်းဟန်က မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူးအသုံးပြုနည်း၊ အဝတ်စိုဖြင့် မီးငြိမ်းသတ်နည်းနှင့် မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့ပြသ၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ မီးငြိမ်းသတ်နည်း လက်တွေ့ပြသခြင်းသို့ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီများ၊ ဈေးသူဈေးသားများ၊ ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို (ပြန်/ဆက်)