လိပ်သို ဖေဖော်ဝါရီ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ချက်ပြုတ်စားသောက်၍လည်းရ၊ ဆေးဖက်လည်းဝင်သည့် ကင်ပွန်းချဉ်ပင်များကို တစ်နိုင်တစ်ပိုင် ပြုစုထိန်းသိမ်း စိုက်ပျိုးထားကြသည်။
ကင်ပွန်းချဉ်ပင်များမှာ ဆူးရှိသော နွယ်လျှောက်ပင်ဖြစ်ကာ အစေ့ကိုပျိုး၍ လည်းကောင်း၊ ကိုင်းကူး၍လည်းကောင်း စိုက်ပျိုးနိုင်သည်။ ကင်ပွန်းချဉ်ရွက်များမှာ ချဉ်သောအရသာရှိပြီး ငါးပိ၊ ငါးခြောက်တို့နှင့် ကြော်စားကြသကဲ့သို့ ချဉ်ရည်ဟင်းအဖြစ်လည်း နှစ်ခြိုက်စွာ ချက်ပြုတ်စားသောက်၍ရသည်။
ကင်ပွန်းသီးများကို ဆားရည်စိမ်၍ အစိမ်းသုပ်စားနိုင်ပြီး ကင်ပွန်းသီးခြောက်များကိုပြုတ်၍ ခေါင်းလျှော်ရည်အဖြစ်လည်း အသုံးပြုနိုင်သည်။ စိုက်ပျိုးရလွယ်ကူပြီး နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ခူးယူစားသုံးနိုင်သော အပင်ဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် နေအိမ်ခြံဝန်းများအတွင်း စိုက်ပျိုးကြလေ့ရှိကြောင်း ကင်ပွန်းချဉ်ပင်စိုက်ပျိုးသူတစ်ဦးက ပြောသည်။
ကင်ပွန်းချဉ်ရွက်သည် ဆေးများဖော်စပ်ရာတွင် ရောစပ်အသုံးပြုခြင်းဖြင့်သော် လည်းကောင်း၊ အသားအရည်နှင့် ခန္တာကိုယ်ကျန်းမာရေးအတွက်လည်းကောင်း အထောက်အကူပြုကြောင်း၊ ကင်ပွန်းချဉ်ပင်များကို စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိနိုင်ကြောင်းလည်း သိရသည်။
ခင်လေးနွယ် (လိပ်သို)