သရက်ချောင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

သရက်ချောင်း    ဖေဖော်ဝါရီ    ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ ဆင်ဖြူပြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပရာ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းအောင်ကျော်က အင်တာနက်ပေါ်တွင် ပျံ့နှံနေသော သတင်းတု၊ သတင်းမှားများနှင့် ပတ်သက်၍ သိရှိနိုင်စေရန် အသိပညာပေး ဟောပြောခြင်း၊ သတင်းမှားများကြောင့် ဖြစ်ပေါ်လာသောအန္တရာယ်များ၊ သတိပြုသင့်သည် သတင်းတု၊ သတင်းမှားများနှင့် အသိပညာဗဟုသုတရဖွယ် အကြောင်းအရာများ၊ အရေးယူနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို ရပ်မိ/ရပ်ဖများအား အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က ရပ်မိ/ရပ်ဖများအား သတင်းတု/သတင်းမှားနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သရက်ချောင်းမြို့၊ မြို့မစခန်းမှူး ရဲအုပ်သိန်းထိုက်က ရပ်မိ/ရပ်ဖများအား Facebook ပေါ်တွင် သတင်းတု၊ သတင်းမှားများ ထုတ်လွှင့်နေသော Page များမှ ပြည်သူများက Share ခြင်းများမပြုလုပ်ကြရန် တိုက်တွန်းပြောကြားကာ ထို့သို့ပြုလုပ်ပါက တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ကြောင်း ပြောကြားခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက မိမိတို့ဌာနအနေဖြင့် ပြည်သူများ သတင်းအမှန် သိရှိနိုင်ရေးအတွက် မိမိဌာနသတင်းမီဒီယာများတွင် အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြို့နယ်အတွင်း ဒေသလှုပ်ရှားမှုသတင်းများနှင့် အခြားလှုပ်ရှားမှုသတင်းများကို အချိန်နှင့်တစ်ပြေးညီ လွှင့်တင်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ          အင်တာနက်ပေါ်၌ သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာတင်ခြင်း နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူနိုင်ရေး ကော်မတီမှ အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်သွား ဖြစ်ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)