စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း စားသုံးသူများ ကုန်စည်၊ ဝန်ဆောင်မှုလုံခြုံစိတ်ချရမှုရှိစေရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားတက်ရောက်

မုံရွာ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူများ ကုန်စည်၊ ဝန်ဆောင်မှုလုံခြုံစိတ်ချရမှုရှိစေရေး၊ အစီအမံများ ချမှတ်ဖို့ရန် ရည်ရွယ်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီအဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ခေတ္တတိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊  ဖိတ်ကြားထားသော လုပ်ငန်းရှင်များ စုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ကြသည်။

ဦးစွာ အလုပ်ရုံဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက  ဒီနေ့ကျင်းပပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲကတော့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဒုတိယအကြိမ် ကျင်းပပြုလုပ်တဲ့ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေ ရေး အစီအမံများချမှတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေမှာ လည်း ဝန်ဆောင်မှုနဲ့ ပတ်သက်လို့လုပ်ငန်းရှင်များက အာမခံပေးရမယ့်အချက်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေလိုက်နာရမယ့် အချက်တွေကို ပြဋ္ဌာန်းထားတာရှိပါတယ်။ ဒီအချက်တွေကိုလည်း သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဟာဆိုရင် နယ်မြေကျယ်ဝန်းပြီး စီးပွားရေး အချက်အခြာကျတဲ့ ဒေသလည်းဖြစ်ပါတယ်။ ဒေသထွက်ကုန်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ စတဲ့စီးပွားရေးလုပ်ငန်းများ များစွာဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာကဏ္ဍ အလိုက် ပြဌာန်းထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ အမိန့်ညွှန်ကြားချက်တွေကို စီးပွားရေးလုပ်ငန်း ရှင်များက လိုက်နာဆောင်ရွက်ကြစေရေး၊ စားသုံးသူကာကွယ်ရေးအတွက် အစီအမံများကို ဆွေးနွေးဖော်ထုတ်နိုင်ဖို့ ဖြစ်ပါကြောင်း၊ စားသုံးသူများ ကုန်စည်၊ ဝန်ဆောင်မှုများကို ဝယ်ယူ သုံးစွဲရာမှ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးရန်၊ ဘေးအန္တရာယ်ရှိ သည်ဟု ထင်မြင်ယူဆရတဲ့ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနက စစ်ဆေးရေးအရာရှိများ ခန့်အပ်ဆောင်ရွက်လျက်ရှိတာကိုလည်း သိရှိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအနေနဲ့ ၃ လတစ်ကြိမ် အစည်း အဝေးကျင်းပပြီး ကော်မတီဝင်များနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ကြီးမှူး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ဆွေးနွေးပေးမယ့် ဌာနဆိုင်ရာများအနေနဲ့ မိမိတို့ ကဏ္ဍ အလိုက် ဆောင်ရွက်နေကြတဲ့ဥပဒေတွေ၊ အမိန့်ညွှန်ကြားချက်တွေကို စီးပွားရေး လုပ်ငန်းရှင်များ အား ရှင်းလင်းဆွေးနွေးကြဖို့နဲ့ စီးပွားရေးလုပ်ငန်းရှင်များကလည်း မေးမြန်းဆွေးနွေး အကြံပြုပေးကြစေလိုပါကြောင်း။ ဒီအလုပ်ရုံဆွေးနွေးပွဲက ရရှိလာတဲ့ ဖော်ထုတ်ချက်များကို စားသုံးသူရေးရာဦးစီးဌာနအပြင် သက်ဆိုင်ရာဌာနများပူးပေါင်း၍ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ခေတ္တတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ရီလင်းထွဋ်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဟန်က ပုဂ္ဂလိကကဏ္ဍ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဉ် များအကြောင်းကိုလည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါ်ကြွယ်ကြွယ်ယုက အစားအသောက်နှင့် ဆေးဝါး၊ အလှကုန် များနှင့် ပတ်သက်၍ စားသုံးသူဘေးကင်းလုံခြုံမှုဆိုင်ရာ အစီအမံများကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က MSMEs နှင့် ဆက်စပ်စားသုံးသူများအကြောင်းတို့ကို အသီးသီးဆွေးနွေးပြီးနောက် အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော လုပ်ငန်းရှင်များမှ အထွေထွေဆွေးနွေးခဲ့ကြမှုများအပေါ် လိုအပ်ချက်များအား စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌက ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ရီလင်းထွဋ်က အလုပ်ရုံဆွေးနွေးပွဲမှ ဖော်ထုတ်ချက်များနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးခဲ့ပြီးနောက် အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)