မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မုန်းချောင်းတွင် လက်လှော်လှေတစ်စီး နစ်မြှုပ်မှုဖြစ်ပွား

ပွင့်ဖြူ    နိုဝင်ဘာ   ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအနီး မုန်းချောင်းတွင် ယနေ့နံနက် ၇ နာရီ ၅၅ မိနစ်အချိန်ခန့်က လှေတစ်စီး ရေနစ်မြှုပ်မှုဖြစ်ပွားပြီး လှေပေါ်တွင် စီးနင်းလိုက်ပါသော အမျိုးသမီးတစ်ဦး ရေစီးနှင့်အတူ နစ်မြှုပ်မျောပါ ပျောက်ဆုံးသွားခဲ့ကြောင်း ပွင့်ဖြူမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၇ နာရီအချိန်ခန့်က ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာမှ လှေထိုးသား အမျိုးသားတစ်ဦးသည် အမျိုးသမီး(၅)ဦးအား   မုန်းအနောက်ဘက်စိုက်ခင်းသို့အလုပ်လုပ်ရန် လက်လှော်လှေတစ်စီးဖြင့် သွားရောက်ပို့ဆောင်ရာ မုန်းချောင်းရေလယ်ကျော်တွင် ရုတ်တရက် လှေနစ်မြှုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ လှေနစ်မြှုပ်သည့်နေရာသို့ ပွင့်ဖြူ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၅)ဦး ၊ နယ်မြေ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာရှိ ရေကျွမ်းကျင်သော ပြည်သူများနှင့်ပူးပေါင်း၍ စက်လှေ(၂)စီးနှင့်အတူ ရှာဖွေကူညီ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ လှေထိုးသားနှင့်အတူ လှေပေါ်တွင်စီးနင်းလိုက်ပါလာသော အမျိုးသမီး(၄)ဦးအား အသက်ရှင်လျက် ရှာဖွေကူညီကယ်ဆယ်ပေးနိုင်ခဲ့ပြီး အမျိုးသမီးတစ်ဦးသည် မုန်းချောင်းအတွင်း ရေစီးနှင့်အတူ နစ်မြှုပ်မျောပါပျောက်ဆုံးသွား သဖြင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ဆက်လက်ရှာဖွေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟထံက သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)