ကြံခင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ကြံခင်း ဖေဖော်ဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီး‌လောင်မှု လျှော့နည်းပပျောက်စေရန် ရည်ရွယ်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညပိုင်းက ကြံခင်းမြို့ပေါ်ရပ်ကွက်(၃)ခုရှိလမ်းများတွင် ဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင် ဦးဆောင်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ ပူးပေါင်းပြီး   မြို့ပေါ်ရပ်ကွက် လမ်းထိပ်များတွင် အသိပေးနှိုးဆော်ကြရာ ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် မီးကိုအထူးဂရုပြုသုံးစွဲရေး၊ သတ်မှတ်ထားသည့် မီးသုံးစွဲချိန်အတိုင်း အသုံးပြုကြရန်၊ နေအိမ်အတွင်း/အပြင် အမှိုက်များရှင်းလင်းထားရန်၊ မီးလောင်လွယ်သော စက်သုံးဆီ၊ လောင်စာ ဆီများ သိုလှောင်ထားခြင်း မပြုကြရန်၊ မီးကြွင်း၊ မီးကျန်၊ ပြာပူများ စနစ်တကျ ငြှိမ်းသတ်ကြရန်၊ ဟောင်းနွမ်းသော လျှပ်စစ်ဝါယာကြိုးများအား အသစ်လဲလှယ်အသုံးပြုကြရန်၊ မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများဖြစ်သော ရေသိုလှောင်ကန်၊ သဲအိတ်၊ မီးချိတ်၊ မီးကပ်နှင့် (DCP) မီးသတ်ဆေးဘူးအား သတ်မှတ်စံနှုန်းနှင့် အညီ ထားရှိရန် ပြည်သူများ မီးပေါ့ဆမှုမရှိစေရေး အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ကြကြောင်းနှင့် မြို့ပေါ်ရပ်ကွက်/ကျေးရွာများတွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မီးသုံးစွဲခြင်း စည်းကမ်းချက်အား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များက (နေ့စဉ်) စစ်ဆေးဆောင်ရွက်ကြကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)