တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒိုင်းပြကုန်း-ပန်းတိမ်ကုန်း-သဒိခိုလမ်း ကတ္တရာထပ်ပိုးလွှာ လမ်းသစ်ဖွင့်

ဘားအံ ဖေဖော်ဝါရီ ၂၈

၂၀၂၄ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျရောက်မည့် (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒိုင်းပြကုန်း-ပန်းတိမ်ကုန်း-သဒိခိုလမ်း ကတ္တရာထပ်ပိုးလွှာလမ်းသစ် ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ လမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ ဖွင့်လှစ်သော လမ်းသည် မြို့ချင်းဆက် လမ်းမကြီးများဖြစ်သည့် ဘားအံ-လှိုင်းဘွဲလမ်းမကြီး၊ လှိုင်းဘွဲ-ရွှေဂွန်း(ကမ်းနီ) လမ်းမကြီးနှစ်ခုနှင့် ချိတ်ဆက်ထားသော လမ်းတစ်လမ်းဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး သွင်းကုန်/ထုတ်ကုန်များ အချိန်ကုန်သက်သာစွာဖြင့် ဈေးကွက်သို့ အလျင်အမြန် သယ်ယူပို့ဆောင်နိုင်ပြီး လမ်းပန်းဆက်သွယ်ရေး မြန်ဆန်ချောမွေ့လွယ်ကူစေခြင်း၊ မိသားစုတစ်ဦးချင်း ဝင်ငွေများ တိုးတက်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း၊  ကျေးလက်လမ်း၊ တံတားလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နှင့် မြို့ပြအချိုးညီစွာ ဖွံ့ဖြိုးတိုးတက်လာပြီး မြို့ပြအသွင်၊ မြို့ပြအခြေအနေသို့ အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာနိုင်ကာ ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များအတွက် ကျေးလက်လမ်းကွန်ယက်များ အသုံးပြု၍ အမြန်ဆုံး ဆက်သွယ်သွားလာနိုင်ပြီး အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်းအား အထောက်အကူပြုစေမည် ဖြစ်ကြောင်း‌ ပြောကြားသည်။

ထို့နောက် ကျေးလက်နေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစောကျော်ဝင်းက လမ်းဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။

ယနေ့ ဖွင့်လှစ်သည့် ဒိုင်းပြကုန်း-ပန်းတိမ်ကုန်း-သဒိခိုလမ်းသည် စုစုပေါင်း လမ်းအရှည် (၅) မိုင် ရှိသည့် အနက် (၁) မိုင် (၄) ဖာလုံအား ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် (၂၄၄ ဒဿမ ၅၉၇) သန်းဖြင့် ထမုအောင်ကုမ္ပဏီမှ (၁၂) ပေအကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ကျေးရွာ(၁၃)ရွာ၊ အိမ်ခြေ(၁၉၄၁)အိမ်နှင့် လူဦးရေ(၁၂၇၂၆)ဦးတို့အား အကျိုးပြုစေမည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ လမ်းအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဒေါ် ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲသို့ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ အဆိုပါလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)