ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၄ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန် အရိပ်ရပျိုးပင်ပေါင်း တစ်သိန်းကျော် ပျိုးထောင်ထားရှိပြီးဖြစ်

ပွင့်ဖြူ ဖေဖော်ဝါရီ  ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပြီး လာမည့် ၂၀၂၄ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးနိုင်ရန် မြို့မပျိုးဥယျာဉ်ခြံတွင် အရိပ်ရပျိုးပင်ပေါင်း တစ်သိန်းကျော် ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ မျှတကောင်းမွန်စေရန်၊ ရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးသည့် သဘာဝတောများ ပြန်လည်ကောင်းမွန်စေရန် ရည်ရွယ်၍ ယူကလစ် ၊ ကျွန်း ၊ ကံ့ကော် ၊ ရှား ၊ တမာ ၊ ဝါး ၊ မဲဇလီ ၊ ကုက္ကို ၊ ရေတမာ ၊ ခရေ ၊ ပိန္နဲ ၊ ကဗွီး ၊ မန်ဂျန်ရှား စသည့် အရိပ်ရပျိုးပင်များကို ပြုစုပျိုးထောင်၍ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကျေးလက်ဒေသစိမ်းလန်းစိုပြည်စေရေးအတွက် အရိပ်ရပျိုးပင်များ အခမဲ့ ဖြန့်ဝေပေးခြင်း၊ ကျေးရွာနေပြည်သူများနှင့်ပူးပေါင်းကာ ဒေသခံပြည်သူများ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝဘေးကြောင့် ပျက်စီးသည့် သစ်တောသစ်ပင်များ ကောင်းမွန်ရေးအတွက် ရေဝေရေလဲစိုက်ခင်းများ စိုက်ပျိုးခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

လာမည့် ၂၀၂၄ ခုနှစ် မိုးရာသီတွင်လည်း မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် အကောင်အထည်ဖော် စိုက်ပျိုးရန် ကျွန်း၊ မယ်ဇလီ၊ ရေတမာ၊ သစ်စိမ့်၊ ကုက္ကို၊ တမာ၊ စိန်ပန်းကြီး၊ မျှင်ဝါး၊ ဇီး၊ ယူကလစ်၊ ရှား၊ ခရေ  စသည့် အရိပ်ရပျိုးပင် ၄၀၀၀၀ နှင့် ဒေသခံပြည်သူအစုအဖွဲ့ သစ်တောစိုက်ခင်း တည်ထောင်စိုက်ပျိုးမည့် ရွှေစက်တော်ဘေးမဲ့တောရှိ မြေဧက ၇၂၇ ဧကတွင် ယူကလစ် ၉၄၅၁၀ ပင်၊ ကျွန်း ၇၂၇၀ ပင်၊ လျှော်ဖြူ ၇၂၇၀ ပင်၊ စုစုပေါင်း အရိပ်ရပျိုးပင် ၁၄၉၀၅၀ ပင်အား မြို့နယ်သစ်တောဦးစီးဌာနရုံး မြို့မပျိုးဥယျာဉ်ခြံ၌ ပြုစုပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း အဆိုပါ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ခံတောအုပ် ဦးအောင်ကျော်မိုးထံက သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )