သဲကုန်း ဖေဖော်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၉၄)စက်မှုလယ်ယာစခန်းတို့ပူးပေါင်း၍ (Drum Seeder)တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် နွေစပါးစိုက်ပျိုးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကွင်းအမှတ်(၉၁၃ က)၊ ဦးပိုင်အမှတ် ၂၇၃၊ တောင်သူဦးတင်ကို၏ လယ်မြေ(၅)ဧကတွင် ထိုင်းနှံကောက်မျိုးစပါး စိုက်ပျိုးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ နွေစပါး(Drum Seeder)မျိုးစေ့ချကိရိယာဖြင့် စံပြကွက်စပါးတိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်ဝင်းက (Drum Seeder)ဖြင့် စပါးတိုက်ရိုက်အစေ့ချစိုက်ပျိုးနည်းဖြင့် စိုက်ပျိုးပါက ရရှိနိုင်မည့် အကျိုးကျေးဇူးများမှာ မျိုးစေ့နှုန်းထားလျော့ချနိုင်ခြင်း၊ လူတစ်ယောက်သာလိုအပ်သဖြင့် လုပ်အားကုန်ကျစရိတ်သက်သာခြင်း၊ အတန်းလိုက်စိုက်ပျိုးထားသဖြင့် ကြားပေါင်းလိုက်ကိရိယာ အလွယ်တကူဝင်ရောက်အသုံးပြုနိုင်ခြင်း၊ ကောက်စိုက်စရိတ် သက်သာခြင်းတို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
(Drum Seeder)တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စစိုက်ပျိုးမှုကြောင့် တစ်နေ့ကို (၈)ဧကကျော် စိုက်ပျိုးနိုင်သဖြင့် လုပ်ငန်းတွင်ကျယ်၍ ပိုမိုတိုးတက်ပြီးစီးကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
အဆိုပါ တိုက်ရိုက်စပါးမျိုးစေ့ချကိရိယာ Drum Seeder ဖြင့် မျိုးစေ့ချစိုက်ပျိုးနေမှုအား သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်ဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်စိုးအောင်နှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ကိုကျော် (ပြန်/ဆက်)