မင်းဘူး(စကု)မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မင်းဘူး ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်မှ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအကြောင်းအရာများ သိရှိလိုက်နာနိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ကန်ရေကျေးရွာ ဘုန်တော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မင်းဘူးမြို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်နှင့် ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ရဲမှူးလှိုင်ဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား သတ်မှတ်ထားမှုနှင့် စစ်မှုထမ်းဆောင်ရန် အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် အချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က တပ်မတော်သားတစ်ဦး ပိုင်ဆိုင်ခွင့်များ၊ အကျိုးခံစားခွင့်များကိုလည်းကောင်း၊ ဒုမြို့နယ်ဥပဒေအရာရှိ ဦးဟိန်းထက်ဦးက ဥပဒေဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ ဒေသခံပြည်သူစုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ပြီး၊ မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကာ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို  အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

‌ခရိုင်(ပြန်/ဆက်)