ရွှေဘို ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီချိန်က မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ဥပဒေအရာရှိ ဦးဗိုလ်ဗိုလ်နိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် ပက်သက်၍ ပြည်သူ့များသိရှိရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်၊ ၂၀၁၀ ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဥပဒေပြဠာန်းခြင်းနှင့် အာဏာတည်ခြင်း၊ ဥပဒေအာဏာတည်ပြီး လက်ရှိဆောင်ရွက်နေမှု၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသူများ၊ ယာယီရွှေ့ဆိုင်းခွင့်ရသူများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ နိုင်ငံတကာတွင် စစ်မှုမထမ်းမနေရစနစ်ကျင့်သုံးသည့် နိုင်ငံများအကြောင်းစသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးလင်္ကျာအောင်၊ လူဝင်မှူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်မြင့်တို့က ပြည်သူများသိရှိသင့်သည့် အကြောင်းအရာများကို ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဝန်ထမ်းများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)