ယင်းမာပင်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်

ယင်းမာပင် ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့်ပူးပေါင်း၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သာယာအေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက စာရေးဆရာအောင်သင်း၏ “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းသန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဝင်းက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင် ဒေါ်ခင်သစ်၊ ဒေါ်မိုးမိုးမြင့်အေးတို့က လောကဓံကို သည်းခံရင်ဆိုင်နိုင်အောင် စိတ်ကိုလေ့ကျင့်ထားရမည့်အချက်များကို လည်းကောင်း၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်ဒေါ်အေးမို့မို့၊ ဒေါ်ဌေးဌေးတို့က မိမိအတွင်းစိတ်နှင့် စွမ်းရည်ကို စစ်ဆေး၍ ဘဝအထုံကိုရှာရန်နှင့်ဘဝကံကြောင့် မိမိလိုချင်သည့်ပန်းတိုင်ကို မရောက်ရှိစေဦးတော့ အစားထိုးအောင်မြင်သည်ကို သတိရပါစသည့်ဆောင်းပါးများကို လည်းကောင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင် ဒေါ်မိုးမိုးလွင်က ကိုယ့်အလှည့်ရောက်လာလျှင်လည်း မျိုးဆက်သစ်အတွက် တစ်ခုခုလုပ်ပေးရမည်ဟူသော တာဝန်သိစိတ်ကို မွေးမြူကြရမှာဖြစ်ကြောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)