ဆင်ပေါင်ဝဲမြို့နယ် ကျောက်ဖြူတောင်ကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေး

ဆင်ပေါင်ဝဲ  ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျေးရွာနေပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းအရာများကို ပြည့်ပြည့်စုံစုံသိရှိစေရန် ရည်ရွယ်၍ ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွှဲ ၃ နာရီခွဲအချိန်က ကျောက်ဖြူတောင်ကျေးရွာ စာသင်ကျောင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချူပ်ရေးမှူး ဦးဝင်းရွှေက ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးအောင်ကျော်မြင့်က ပြည်သူ့စစ်မှုထမ်းဥပဒေပါပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပေဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဥ်း၍ မေးမြန်းစုံစမ်းရန် ဖုန်းနံပါတ်များ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကျေးရွာပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)