တောင်တွင်းကြီးမြို့နယ် ရွာတော်(တောင်၊မြောက်)ကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေး

တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက  ရွာတော်(တောင်၊မြောက်)ကျေးရွာ  အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ရမည့်သူများ၊ စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရနိုင်သူများ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ရရှိနိုင်မည့်အခွင့်အရေးများ၊ စစ်မှုထမ်းဆောင်ခြင်းမှ ရှောင်လွှဲပါက ကျသင့်မည့်ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များကို ရှင်းလင်းပြောကြားပြီး၊ ယခုကာလသည် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များချမှတ်ခြင်းမရှိသေးသဖြင့် မလိုလားအပ်သည့် မီဒီယာအချို့၏ ကောလာဟလ လုပ်ကြံသတင်းများကြောင့် စိုးရိမ်ကြောင့်ကြဖြစ်ရန် မလိုကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများ၊  ရပ်ကွက်၊ကျေးရွာ  အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ ဌာန/ရပ်ကွက်/ကျေးရွာများတွင် ယခုရှင်းလင်းပွဲမှ ဖြန့်ဝေလိုက်သည့် လက်ကမ်းစာစောင်ပါ အချက်အလက်များအတိုင်း တစ်ဆင့်ပြန်လည်မျှဝေ အသိပေးကြစေလိုကြောင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ/ စာရေးဝန်ထမ်းများအနေဖြင့် မိမိတို့ရပ်ကွက်/ကျေးရွာအလိုက် လူဦးရေစာရင်းများကို မှန်ကန်မှုရှိအောင် ပြုစုထားရှိရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ ယင်းနောက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တက်ရောက်လာကြသည့် ရွာသူ/ရွာသားများက မေးမြန်းသည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူး သက်ခိုင်ထွန်းတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ 

ရန်နောင်စိုး(ပြန်/ဆက်)