ရေတာရှည် ဖေဖော်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့လှမြို့ ခုတင်(၂၅)ဆံ့ တိုက်နယ်ဆေးရုံသို့ တောင်ငူအထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ပြည်သူများ ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့နံနက် (၈)နာရီအချိန်မှ စတင်ကာ တိုက်နယ်ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်း ဆေးကုသပေးခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးဝါးကုသပေးရာတွင် အထွေထွေရောဂါ၊ အရိုးအထူးကု၊ ကလေးအထူးကု၊ ခွဲစိတ်ရောဂါအထူးကု၊ သားဖွား မီးယပ် အထူးကု၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး ဆေးပညာအထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု၊ မျက်စိအထူးကု၊ အရေပြားအထူးကု၊ သွားရောဂါ အထူးကုဆရာဝန်ကြီးများက အထွေထွေလူနာ (၂၈၂) ဦး၊ ခွဲစိတ်ရောဂါ (၇၂) ဦး၊ သားဖွားမီးယပ်ရောဂါ (၃၁)ဦး၊ ကလေးရောဂါ (၂၇) ဦး၊ အရိုးအကြောလူနာ (၉၉)ဦး၊ သွားနှင့်ခံတွင်းရောဂါ (၃၂) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း (၄၇)ဦး၊ မျက်စိရောဂါ(၁၂၀)ဦး၊ အရေပြား (၄၁)ဦး၊ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး (၇၄)ဦး၊ ရောဂါဗေဒ (၂၄)ဦး၊ ဓါတ်မှန် (၃၀)ဦး စုစုပေါင်း ပြင်ပလူနာ (၈၇၉) ဦး ၊ အသေးစားခွဲစိတ်ကုသမှုလူနာ (၂၉) ဦး နှင့် တောင်ငူပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသနိုင်ရန် လိုအပ်သည့် လူနာ (၉၃) ဦးကို ရောဂါရှာဖွေစမ်းသပ်မှုများ စစ်ဆေးဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထိုသို့နယ်လှည့်ကွင်းဆင်း ဆေးကုသပေးခြင်းများကို ပဲခူးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟ ၊ ခရိုင်နှင့်မြို့နယ် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
ကိုထက်(ပြန်/ဆက်)