ဖြူး ဖေဖော်ဝါရီ (၂၇)
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ချင်းခင်ကျေးရွာအုပ်စု၊ ခင်ရှည်ကျေးရွာ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ မြစိမ်းရောင်စီမံကိန်းချေးငွေ (ဒဿမ)အကြိမ် အသင်းသား (၁၉၂)ဦးအတွက် ချေးငွေသိန်း (၅၄၀)ထုတ်ချေးပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစိမ်းရောင် ကျေးရွာစီမံကိန်း ချေးငွေထုတ်ချေးရာတွင် ရှေးဦးစွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေ ထုတ်ချေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်စီမံကိန်းမတည်ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင်များနှင့် ကျေးရွာမြစိမ်းရောင် စီမံကိန်းအသင်းသားများက စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဖြူးမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းဆောင်ရွက်သည့် ကျေးရွာပေါင်း(၅၇)ရွာရှိရာ ဒဿမကြိမ်မြောက်အနေဖြင့် ခင်ရှည်ကျေးရွာရှိ စိုက်ပျိုးရေးကဏ္ဍတွင် စပါးဧက(၅၃၅)ဧက၊ အသင်းသား (၈၇)ဦးအတွက်(၂၆၇၅၀၀၀၀) ကျပ်၊ မွေးမြူရေးကဏ္ဍတွင် ဝက်(၃၁၇) ကောင်၊ နွား(၁၁၄) ကောင်၊ အသင်းသား (၁၀၅)ဦးအတွက် (၂၇၂၅၀၀၀၀)ကျပ်၊ စုစုပေါင်း အသင်းသား (၁၉၂) ဦးအတွက် ချေးငွေသိန်း (၅၄၀) ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)