ဒေးဒရဲမြို့၌ (၄၈) ကြိမ်မြောက် ဖျာပုံခရိုင် လေးမြို့နယ်ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ/ရေးဖြေစာမေးပွဲကြီးတွင် စာဖြေသံဃာ (၅၁၉) ပါး ဝင်ရောက်ဖြေဆို

ဒေးဒရဲ ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာတော် တည်တံ့ပြန့်ပွားရေး၊ ဗုဒ္ဓတရားတော်များကို ကျက်မှတ်ရွတ်ဆို ဖြေဆိုခြင်းဖြင့် သာသနာ့အာဇာနည် အရှင်မြတ်များ ပေါ်ထွန်းလာပြီး သာသနာတော်အကျိုးကို သယ်ပိုးထမ်းရွက်သွားနိုင်စေရန် ရည်ရွယ်၍ (၄၈) ကြိမ်မြောက် ဖျာပုံခရိုင်လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ၊ ရေးဖြေစာမေးပွဲကြီး ကျင်းပလျက်ရှိရာ ယနေ့ နေ့လယ် (၁၂)နာရီခွဲက စတင်၍ ဒုတိယနေ့အဖြစ် သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် အာဂုံနှင့် ရေးဖြေစာမေးပွဲကြီးကို အောင်မြင်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကြီးကို (၄၈) ကြိမ်မြောက်အဖြစ် ဒေးဒရဲမြို့က တာဝန်ယူ ကျင်းပလျက်ရှိရာ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၏ သြဝါဒနှင့် အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ပူးပေါင်း၍ စာမေးပွဲကြီး အောင်မြင်စွာ ကျင်းပ ပြီးစီးရေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေး၊ ဒေးဒရဲမြို့နယ်များရှိ ကျောင်းတိုက်အသီးသီးမှ  အာဂုံပြန်သံဃာတော်  (၃၀၈)ပါးနှင့် ရေးဖြေဘာသာရပ် တွင် ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ မူလတန်း သံဃာတော် (၂၁၁)ပါး ဝင်ရောက်ဖြေဆို တော်မူလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးကြီးတွင် ဝင်ရောက်ဖြေဆိုလျက်ရှိသည့် သံဃာတော်များ၊ ကြီးကြပ်ရေးဆရာတော်များအား အေးချမ်းစွာဖြေဆိုနိုင်ရေး ဌာနဆိုင်ရာများနှင့် အလှူရှင်များက လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

အေဇာလင်း