ကျောက်တံခါး ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျောက်တံခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမနှင့် ရုံးရှေ့တို့တွင် ရပ်ကွက်နှင့် ကျေးရွာပြည်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် သတင်းစကားလက်ကမ်းစာစောင်များအား လက်ဝယ်အရောက် အသိပညာပေး ဖြန့်ဝေပေးခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲမှူး သက်နိုင်တို့က ပြည်သူ့စစ်မှုထမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့် ဥပဒေပါအဓိပ္ပာယ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက သိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြေကြားကြသည်။
အခမ်းအနားသို့ တက်ရောက်လာကြသည့် ရပ်ကွက်နှင့်ကျေးရွာပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များတို့ ပူးပေါင်းကာ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်တွင် အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို၊ ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ဖြစ်ရမယ့်တာဝန်၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဥ်း၍ စုံစမ်းမေးမြန်းနိုင်စသည့်အကြောင်းအရာများဖြင့် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)