ပဲခူးမြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အဦ မှတ်တမ်းတင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား တိုင်း‌ဒေသကြီးသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့မှ လိုက်လံကြည့်ရှုအားပေး

ပဲခူး ဖေဖော်ဝါရီ ၂၇

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၌ ဆောင်ရွက်ခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအေးမောင်ကြည်နှင့် ကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးအောင်ဝင်းဦးတို့သည် ပဲခူးခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ လူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ပဲခူးမြို့နယ်သည် ရပ်ကွက်(၄၀)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၆)အုပ်စု၊ ကျေးရွာ(၂၁၁)ရွာဖြင့်ဖွဲ့စည်းထားရှိပြီး မြို့ပေါ်ရပ်ကွက်(၄၀)တွင် စာရင်းကောက်ကွက်(၂၆၄)ကွက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပဲခူးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဦး​ဝင်း​​မြတ်နှင့် မြို့နယ်သန်ခေါင်စာရင်းကော်မတီဝင်များ၊ သက်ဆိုင်ရာရပ်ကွက်သန်းခေါင်စာရင်းကော်မတီဝင်များက ပဲခူး​မြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ ရွာသစ်ရပ်ကွက်နှင့် အင်းတကော်မြို့(၄)ရပ်ကွက်တို့တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့​ခြင်းဖြစ်သည်။

ပဲခူးမြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအဆောက်အဦစာရင်းတင်ခြင်းလုပ်ငန်းအား ဇန်နဝါရီလ(၁၆)ရက်နေ့စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိကောက်ကွက်(၁၄၅)ကွက်ပြီးစီးသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)