ပန်းတောင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

ပန်းတောင်း ဖေဖော်ဝါရီ  ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ဖြင့်လည်းကောင်း၊ ပျိုးထောင်စိုက်ဖြင့်လည်းကောင်း၊ တိုက်ရိုက်အစေ့ချကိရိယာ (Drum Seeder) ဖြင့်လည်းကောင်း ဗီယက်နမ်စပါးမျိုးနှင့် ထိုင်းနှံကောက်စပါးမျိုးများ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ငါးဆယ်ပေးအုပ်စု၊ အုတ်ဖိုကျေးရွာရှိ တောင်သူဦးကြည်မြင့်နှင့် တောင်သူ (၁၅) ဦး၏ ကွင်းအမှတ်(၆၇)၊ လယ်မြေ (၂၅) ဧကတွင် ကျင်းပခဲ့သည်။

အဆိုပါ သရုပ်ပြပွဲ၌ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟန်ညီညီ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်မောင်မောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးသင်း၊ မြို့နယ်လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်မန်နေဂျာ ဦးသက်လှိုင်တို့မှ ပျိုးထောင်စိုက်ပျိုးခြင်း၊ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ တိုက်ရိုက်အစေ့ချကိရိယာ (Drum Seeder)များ ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် အရစ်ကျဝယ်ယူနိုင်ရေး၊ အကျိုးရှိစွာ ရေအသုံးချရေး၊ စိုက်ပျိုးရေအလေအလွင့်မရှိစေရေးနှင့် သွင်းအားစုများ မှန်ကန်စွာ ထည့်သွင်းစေရေးတို့အတွက် တောင်သူများအား အသိပေးဆွေးနွေးခဲ့ပြီး လက်တွေ့သရုပ်ပြ စိုက်ပျိုးပြသခဲ့ရာ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)