တမူး ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်မိုး၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်မင်း၊ ခရိုင်ဥပဒေ အရာရှိ ဦးလှမြင့်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သူတို့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ များနှင့် ပက်သက်၍ ပြည်သူ့များသိရှိရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်၊ ၂၀၁၀ ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဥပဒေပြဋ္ဌာန်းခြင်းနှင့် အာဏာတည်ခြင်း၊ ဥပဒေအာဏာ တည်ပြီး လက်ရှိဆောင်ရွက်နေမှု၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း၊ စစ်မှု ထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသူများ၊ ယာယီရွှေ့ဆိုင်းခွင့်ရသူများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ နိုင်ငံတကာတွင် စစ်မှု မထမ်းမနေရစနစ်ကျင့်သုံးသည့် နိုင်ငံများအကြောင်းအရာများ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ကာလများစသည့် ပြည်သူ့စစ်မှုထမ်းဥပဒေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသောသူများက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား၍ တက်ရောက်လာကြသူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာလက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရတနာ