ပွင့်ဖြူ ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်ဧက ၁၇၄၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီဥ ဟင်းသီးဟင်းရွက် ၁၇၄၂ ဧက စိုက်ပျိုးရန် လျာထားပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၁၇၄၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ ဟင်းသီးဟင်းရွက် ၁၇၄၂ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ ယနေ့အထိ ၁၇၄၅ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ ဒီဒေသက စိုက်ပျိုးရေလည်း ဖူလုံပြီး စိုက်ပျိုးမြေကလဲ ကောင်းမွန်တာကြောင့် စိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ဒါ့ကြောင့် တောင်သူတွေက တစ်နှစ်ထက်တစ်နှစ် ဈေးကွက်ရှိတဲ့ ဟင်းသီးဟင်းရွက်သီးနှံများကို ရွေးချယ်ကာ ပိုမိုအားထားစိုက်ပျိုးလုပ်ကိုင်လာကြပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနကလဲ တောင်သူတွေကို ဟင်းသီးဟင်းရွက်စိုက်ပျိုးရာမှာ အစားအစာ ဘေးကင်းလုံခြုံတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သီးနှံတွေဖြစ်စေဖို့ လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးထားပါတယ်။ အဓိက စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်သီးနှံတွေက မုံညှင်း၊ ဆလပ်၊ ခရမ်းချဉ်၊ ခရမ်း၊ ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ ရုံးပတီ၊ သခွားသီး၊ မုံလာဥဖြူ၊ မုံလာဥနီ၊ ပဲရှည်သီး၊ တောင်တိုင်ပဲသီး၊ ကြက်ဟင်းခါး၊ ချဉ်ပေါင် ၊ ကန်စွန်း စတဲ့ သီးနှံတွေကို စိုက်ပျိုးကြပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးတောင်သူများကို စားသုံးသူပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ GAP စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးရေး၊ သဘာဝပိုးသတ်ဆေးနှင့် သဘာဝမြေဩဇာကိုယ်တိုင် ထုတ်လုပ်သုံးစွဲရေး စသည့် အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)