ပေါင်းတည်မြို့နယ်၌ ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပေါင်းတည် ဖေဖော်ဝါရီ ၂၇

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်းကို ပြည်သူများ အမှန်တကယ်သိရှိစေရန်၊ ဆိုရှယ်မီဒီယာများ၌ လုပ်ကြံရေးသား ဖော်ပြလျက်ရှိသော သတင်းတု၊ သတင်းမှားများ အန္တရာယ်ကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရန်နှင့် သတင်းအမှန်များကို သိရှိပြီး အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပေါင်းတည်မြို့နယ် စျေး(၁) ရပ်ကွက်ရှိ လူစည်ကားရာ ရန်ကုန်လမ်းနှင့် ဘုရားကြီးလမ်းတို့၌ သွားလာနေကြသော ပြည်သူများအား ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က စုပေါင်းဆောင်ရွက်ကြသည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် "ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ စိုးရိမ်ရန်မလို"စသည့် ခေါင်းစဥ်များဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ အကြောင်းများအပါအဝင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဥ်း၍ သိရှိလိုသည်များကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်သည့် ဖုန်းနံပါတ်များနှင့် အခြားသိကောင်းစရာအကြောင်းများ ရေးသားဖော်ပြထားကြောင်း သိရသည်။

 အဆိုပါ သတင်းစကား လက်ကမ်းစာစောင်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ခံထုတ်ဝေ၍ ပြည်သူများအား အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)