လိပ်သိုဒေသတွင် ကွမ်းသီးဈေးနှုန်း ကျဆင်းနေ၍ ဒေသခံကွမ်းသီးခြံပိုင်ရှင်များ ဈေးနှုန်း ပြန်လည်မြင့်တက်ရန် မျှော်လင့်

လိပ်သို ဖေဖော်ဝါရီ ၂၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ နေထိုင်သူ ဒေသခံတောင်သူများမှာ တောင်ယာလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်း ကျောင်းပြုကြရာ ဒေသထွက်ကုန် တစ်မျိုးဖြစ်သော ကွမ်းသီးများ ယခုနှစ်တွင် ဈေးနှုန်း ကျဆင်းနေ၍ ဒေသခံ ကွမ်းသီးခြံပိုင်ရှင်များ အခက်တွေ့လျက်ရှိကြောင်း သိရသည်။

ကွမ်းသီးများကို ဒေသခံများက ကွမ်းသီးရင့်မှည့်ချိန်ပေါ် မူတည်၍ တစ်နှစ်လျှင် (၃) ပြန် ခူးလေ့ရှိပြီး အခွံချွတ်/နေလှန်းအခြောက် ပြုလုပ်ကာ ပြောင်ကြီး၊ ပြောင်နီ၊ ရွေးသီး၊ ကြက်ချေးသီး စသည်ဖြင့် အမျိုးအစားခွဲထုတ် ရောင်းချကြသည်။

ယခင်နှစ်များက ကွမ်းသီးခြောက် တစ်ပိဿာလျှင် (၇၀၀ဝိ/-) ကျပ်မှ (၈၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချရပြီး ယခုနှစ်တွင် (၃၅၀ဝိ/-)ကျပ်မှ (၄၅၀ဝိ/-) ကျပ်ဖြင့်သာ ဈေးရရှိနေသဖြင့် ဈေးနှုန်းပြန်လည်မြင့်တက်လာရန် ဒေသခံများက မျှော်လင့်လျက် ရှိနေကြသည်။

ကရင်ပြည်နယ်မြောက်ပိုင်း သံတောင်ကြီးမြို့နယ်တွင် လိပ်သို၊ ဘောဂလိ ဒေသတို့မှ ကွမ်းသီးအများဆုံး ထွက်ရှိကာ ယခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကွမ်းသီးဈေးနှုန်းများ ကျဆင်းနေပြီး လိပ်သိုမြို့အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာအချို့တွင် ကွမ်းသီးခြောက် (၁)ပိဿာကို နနွင်းခြောက် (၂) ပိဿာဖြင့် အလဲအလှယ် ပြုလုပ်စားသုံးခြင်း၊ ရရာဈေးနှုန်းဖြင့် ရောင်းချခြင်း၊ သိုလှောင်ထားရှိပြီး ဈေးနှုန်းမြင့်တက်လာပါက ပြန်လည်ရောင်းချနိုင်ရန် ပြင်ဆင်ထားလျက်ရှိကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)