မုံရွာ ဖေဖော်ဝါရီ ၂၇
အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များမှ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အနောက် မြောက်တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်က စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းမှူးထံ စားသောက်ဖွယ်ရာပစ္စည်းများအား ပေးအပ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများမှ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ထောက်ပံ့သည့် မှတ်တမ်း Video Click အား ကြည့်ရှုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်း ဆောင်နေကြသော တပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များမှ စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ခြင်း အခမ်းအနားတွင် စုစုပေါင်းတန်ဖိုး ငွေကျပ် ၅၀၀၂၃၄၀၀/- (သိန်းငါးရာနှစ်သောင်းသုံးထောင်လေးရာ) ကျပ်တန်ဖိုးရှိ စားသောက်ဖွယ်ရာ ပစ္စည်းများအား ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် နိုင်ငံ့တာဝန်များအား တစ်ထောင့် တစ်နေရာမှ တာဝန်များထမ်းဆောင်ခဲ့ကြသော အငြိမ်းစားဝန်ထမ်းများ စားသောက်ရေးနှင့် ကျန်းမာရေးစစ်ဆေးမှုများ အဆင်ပြေစေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ (တတိယအကြိမ်) ထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာကြသော အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး အခြေခံ စားသောက်ကုန်များအား လက်ရောက်ပေးအပ်ကြကာ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးနေမှုများနှင့် နံနက်ခင်းစာများဖြင့် ဧည့်ခံနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
မုံရွာမြို့ပေါ်ရှိ အငြိမ်းစားဝန်ထမ်း ၇၂၀၀ ကျော်အား ပင်စင်လစာများထုတ်ယူရာတွင် အဆင်ပြေလွယ်ကူလျင်မြန်စွာဖြင့် ထုတ်ယူနိုင်စေရန်အတွက် မြန်မာစီးပွားရေးဘဏ်အနေဖြင့် E ပင်စင်စနစ်၊ Manual စနစ်များဖြင့် ထုတ်ပေးလျက်ရှိပြီး ယနေ့အခမ်းအနားတွင် မုံရွာမြို့ပေါ်ရှိ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များဖြစ်သည့် စားသုံးဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အလားတူဆောင်ရွက်မှုများအား တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)