တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျွန်းစုမြို့နယ်အတွင်း လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် နားလည်မှုမှတ်တမ်း လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားသို့ တက်ရောက်

ထားဝယ်  ဖေဖော်ဝါရီ  ၂၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် New Myanmar Renewable Energy Co.,Ltd တို့အကြား တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း Hydro ရေအားလျှပ်စစ်နည်းပညာဖြင့်(၃)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းနှင့် Solar နေရောင်ခြည်စွမ်းအင်သုံးနည်းပညာဖြင့်(၇.၈) မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ အကြို စူးစမ်းလေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် ချုပ်ဆိုသည့် နားလည်မှုမှတ်တမ်း Feasibility Study(F.S MOU)များအား လက်မှတ်ရေးထိုးချုပ်ဆိုမည့်အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကျွန်းစုမြို့နယ်သည် ကျွန်းတစ်ခုထဲတွင် သီးခြားရှိနေသောကြောင့် National Grid မရောက်ရှိနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ပေးမှသာ ကျွန်းစုမြို့နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ယခင်က ကျွန်းစုမြို့နယ်ရှိ နဝရတ်ရေအိုင်မှာရှိသော ရေအားလျှပ်စစ်တွင် ပထမအဆင့်အနေဖြင့် ရေပိုက်လိုင်းများလဲလှယ်ခြင်း၊ စက်ပစ္စည်းများပြင်ဆင်ခဲ့သော်လည်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိခဲ့ကြောင်း၊ ကျွန်းစုမြို့နယ်၌ဖြစ်ပေါ်လာမည့် မွေးမြူရေးလုပ်ငန်းနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ရှိနေသောကြောင့် လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် မူရင်းရှိသော နဝရတ်ရေအိုင်မှ ထွက်ရှိသည့် ရေအားလျှပ်စစ်ဓာတ်အားကို အဆင့်မြှင့်တင်ရန်၊ ဆိုလာနှင့်ပတ်သက်၍ ထပ်ဆောင်းပြီး ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊  တိုင်းဒေသကြီးအနေဖြင့် လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းဆောင်ရွက်မည့်ကုမွဏီအား ဝမ်းမြောက်စွာကြိုဆိုပါကြောင်း၊ ကျေးဇူးလည်းတင်ရှိပါကြောင်း၊ ကုမ္ပဏီများအနေဖြင့်လည်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်နှင့်အတွင်းရေးမှူး ဦးခင်မောင်ချိုတို့က ရှင်းလင်းဆွေးနွေးပြောကြားပြီး Myanmar Thiha Co.,Ltd ၏ လက်အောက်ခံကုမ္ပဏီခွဲတစ်ခု ဖြစ်သော NewMyanmar Renewable Energy Co,Ltd ၏ ဥက္ကဋ္ဌ ဦးကျော်မင်းဦးက ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြ သည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် New Myanmar Renewable Energy Co.,Ltd တို့အကြား တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း Hydro ရေအားလျှပ်စစ်နည်းပညာဖြင့် (၃)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းနှင့် Solar နေရောင်ခြည်စွမ်းအင်သုံးနည်းပညာဖြင့် (၇.၈) မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် ချုပ်ဆိုသည့် နားလည်မှုမှတ်တမ်း Feasibility Study (FS MOU) များအား လက်မှတ်ရေးထိုးခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)