ပန်းတောင်း ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိနားလည်သဘောပေါက်စေရန်၊ အတင်းအမှန်များ တိကျသေချာစွာ သိရှိစေရန်၊ ပြည်သူလူထုများ ထင်ယောင်ထင်မှားဖြစ်စေမည့် ကောလဟလသတင်းများ ပျံ့နှံ့ခြင်းမှကာကွယ်ရန် ရည်ရွယ်၍ ယနေ့နံနက် (၇:၃၀) အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးနှင့် ၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၄၀) ဦးဖြင့် လူစည်ကားရာနေရာများဖြစ်သော ပန်းတောင်းမြို့မစျေးရှေ့နှင့် စျေးဝန်းအတွင်း၊ ဝန်လိုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ပန်းတောင်း-တောင်ကုတ်ကားလမ်းမပေါ်ရှိ လမ်းသွားလမ်းလာပြည်သူများအား အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းချက်များနှင့် စပ်လျဉ်း၍ စစ်မှုထမ်းရမည့် အသက်အရွယ်၊ စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားများနှင့် ထမ်းဆောင်ရမည့် တာဝန်များသတ်မှတ်ထားခြင်းနှင့် ဥပဒေပြဌာန်းချက်များ၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော အရေးသုံးပါးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝရတည်ရှိမြဲမြံစေရန် လိုအပ်သော အမျိုးသားအကျိုးစီးပွားပင်ဖြစ်ကြောင်း နိုးဆော်ချက်ပါဆောင်းပါး၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၃-၇-၁၉၄၇ ရက် နေ့တွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ပြည်သူများ စိုးရိမ်ပူပန်ရန်မလိုအပ်မှု၊ ပြည်သူ့စစ်မှုထမ်းစနစ် ဘာ့ကြောင့်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များပါရှိသည့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)