ဒေးဒရဲမြို့၌ (၄၈) ကြိမ်မြောက် ဖျာပုံခရိုင် လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ/ ရေးဖြေစာမေးပွဲကြီးစတင်ကျင်းပ

ဒေးဒရဲ ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာတော် တည်တံ့ပြန့်ပွားရေး၊ ဗုဒ္ဓတရားတော်များကို ကျက်မှတ်ရွတ်ဆို ဖြေဆိုခြင်းဖြင့် သာသနာ့အာဇာနည် အရှင်မြတ်များ ပေါ်ထွန်းလာပြီး သာသနာတော်အကျိုးကို သယ်ပိုးထမ်းရွက်သွားနိုင်စေရန် ရည်ရွယ်၍ (၄၈) ကြိမ်မြောက် ဖျာပုံခရိုင် လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ၊ ရေးဖြေစာမေးပွဲကြီး ကျင်းပလျက်ရှိရာ ယမန်နေ့ နေ့လယ် (၁၂)နာရီခွဲက စတင်၍ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး တွင် အာဂုံနှင့် ရေးဖြေစာမေးပွဲကြီးကို အောင်မြင်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကြီးကို (၄၈) ကြိမ်မြောက်အဖြစ် ဒေးဒရဲမြို့က တာဝန်ယူကျင်းပလျက်ရှိရာ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၏ သြဝါဒနှင့် အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေး၊ ဒေးဒရဲမြို့နယ်များရှိ ကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာ အပါး (၈၀၀) ကျော်အား  မြို့တွင်းလမ်းမများတစ်လျှောက်တွင် မြို့နယ်သူ၊ မြို့နယ်သား စေတနာရှင်များက ဆွမ်းဆန်စိမ်း၊ အလှူငွေနှင့် အခြားလှူဖွယ်ပစ္စည်းများ လောင်းလှူခြင်းနှင့် ကြီးကြပ်ရေးဆရာတော်များ၊ စာဖြေရှင်သာမဏေများ သာသနာရေးဆိုင်ရာများ မကြောင့်မကျ သယ်ပိုးထမ်းရွက်နိုင်ရေးအတွက် အာရုံဆွမ်း၊ နေ့ဆွမ်းနှင့် အခြားလှူဖွယ်များကို မြို့နယ်အားကစားခန်းမကြီး၌ ဆက်ကပ်လောင်းလှူလျက်ရှိကြောင်း သိရသည်။

အေဇာလင်း