ပေါင်းတည်ဘိုးဘွားရိပ်သာ၌ ရေပြတ်လပ်မှုမရှိစေရန် မီးသတ်တပ်ဖွဲ့မှ ရေလှူဒါန်း

ပေါင်းတည် ဖေဖော်ဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ဘိုးဘွားရိပ်သာ၌ ဘိုးဘွားများအတွက် စားရေရိက္ခာဖူလုံပြည့်စုံရေးကို စေတနာရှင် ပြည်သူများနှင့် ဌာနဆိုင်ရာများက ဝိုင်းဝန်းကူညီစောင့်ရှောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့က ဘိုးဘွားရိပ်သာ၌ ရေပြတ်မှုမရှိစေရန် ရေလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ရေလှူဒါန်းမှုကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူဝင်း ဦးစီး၍ တပ်ဖွဲ့ဝင်များနှင့်အတူ ဆောင်ရွက်ခဲ့ကြပြီး မီးသတ်ရေယာဉ်များဖြင့် ရေဂါလံ ၆၀၀၀ ကို ဘိုးဘွားရိပ်သာ ရေလှောင်ကန်များထဲသို့ ထည့်သွင်းလှူဒါန်းခဲ့ကြောင်း၊ ထိုသို့ ရေလှူဒါန်းမှုအတွက် ဘိုးဘွားရိပ်သာအကျိုးတော်ဆောင်များက ကျေးဇူးတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်ဘိုးဘွားရိပ်သာသည် ဒေါ်ဦးဇွန်းတည်ထောင်ခဲ့သော တတိယမြောက် ဘိုးဘွားရိပ်သာဖြစ်ကြောင်း၊ တည်ထောင်ခဲ့ချိန်မှစ၍ ယနေ့အထိ စဉ်ဆက်မပြတ် ဘိုးဘွားများကို စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)