ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၂၇

ထူးချွန်ထက်မြတ်သည့် ရွက်ပုန်းသီး ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး ရည်ရွယ်ကျင်းပသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင် အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံတက္ကသိုလ် (က)အသင်းနှင့် ဘားအံတက္ကသိုလ် (ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီးဦးဝင်းရှိန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ဒေသနေပြည်သူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြပြီး ပွဲကစားချိန်အတွင်း ဂိုးသွင်းယူနိုင်ခြင်း မရှိကြဘဲ ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဘားအံတက္ကသိုလ် (က) အသင်းက ၆ ဂိုး ၅ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဗိုလ်လုပွဲနေ့ အကောင်းဆုံး အားကစားသမားဆု၊ ပြိုင်ပွဲတွင် ကူညီဆောင်ရွက်ပေးကြသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ဒိုင်အဖွဲ့တို့အား ဂုဏ်ပြုဆု၊ နေရာအလိုက် အကောင်းဆုံး အားကစားသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု ရရှိကြသူများအား ငွေသားဆုနှင့် ဆုကလပ်များ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ပူးတွဲ တတိယဆုရရှိသော ဘားအံပညာရေးဒီဂရီ ကောလိပ်ဘောလုံးအသင်းနှင့် နည်ပညာတက္ကသိုလ် ဘောလုံးအသင်း၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ ဝန်ကြီးဦးဝင်းရှိန်က ဒုတိယဆုရ ဘားအံတက္ကသိုလ် (ခ) ဘောလုံးအသင်းတို့အား တစ်ဦးချင်း လည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က အနိုင်ရ ဗိုလ်စွဲသွားသော ဘားအံတက္ကသိုလ်(က)ဘောလုံး အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု (၁၅)သိန်းကျပ်နှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)