တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် ကန်ကြီးထောင့်မြို့နယ်ရှိ တောင်သူလယ်သမားနေ့အခမ်းအနား ကျင်းပပြုလုပ်ရန်ပြင်ဆင်နေမှုအခြေအနေများအား လာရောက်ကြည့်ရှု

ကန်ကြီးထောင့် ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာရှိ တောင်သူလယ်သမားနေ့အခမ်းအနား ကျင်းပပြုလုပ်ရန် ပြင်ဆင်နေမှုအခြေအနေများအား ဖေဖော်ဝါရီလ (၂၅) ရက်နေ့ ညနေ (၄) နာရီအချိန်က လာရောက်ကြည့်ရှုခဲ့ကြသည်။

 ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင် ဦးဆောင်သောအဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ မတ်လ(၂)ရက်နေ့တွင်ကျရောက်မည့် တောင်သူလယ်သမားနေ့ အခမ်းအနားအား ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားအားစည်ကား သိုက်မြိုက်စွာကျင်းပပြုလုပ်ရန် ကဏ္ဍအလိုက်ပြင်ဆင်နေမှုများဖြစ်ကြသည့် အဆောက်အဦများဆောက် လုပ်ထားရှိခြင်းနှင့် ဟင်းသီးဟင်းရွက်သီးနှံပင်များ စိုက်ပျိုးထားခြင်းအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထိုသို့ကြည့်ရှုရာတွင် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)