ဆိပ်ဖြူ ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြင်ကဝကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဧရိယာ၌ နွေသီးနှံစိုက်(၅၀၀)ဧကအတွက် စိုက်ပျိုးရေပြည့်ဝစွာဆောင်ရွက်နိုင်ရေးအတွက် ဧရာဝတီမြစ်မှ ရေခေါ်မြောင်းတူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်ရှိ အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းက ဒေသခံတောင်သူများ ရာသီအလိုက် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန် ဧရာဝတီမြစ်မှ စိုက်ပျိုးရေတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် နွေသီးနှံစိုက်ပျိုးနိုင်ရေးနှင့် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေခေါ်မြောင်းတူးဖော်ခြင်းလုပ်ငန်းကို အောက်ဆိပ်လျှပ်စစ်မြစ်ရေတင် တာဝန်ခံအင်ဂျင်နီယာများနှင့် ဝန်ထမ်းများက ဧရာဝတီမြစ်မှ ရေဝပ်ကျင်းအထိ ရေမြောင်းအရှည် (၃၈၀၀)ပေ၊ ရေမြောင်းအကျယ်(၁၅)ပေရှိပြီး ရေဝပ်ကျင်းအကျယ် အလျား(၁၂၀)ပေ၊ အနံ(၁၀၀)ပေ၊ အမြင့်(၁၀)ပေ ဆောင်ရွက်မှဖြစ်ကြောင်း၊ ရေခေါ်မြောင်းတူးဖော်ခြင်းလုပ်ငန်းကို ဘက်ဟိုးယာဉ်နှစ်စီး၊ မြေသယ်ယာဉ်(၂)စီးနှင့် မြေညှိယာဉ်တစ်၊ သဲစုပ်ပန့်တစ်ခုတို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းဧရိယာရှိ နွေသီးနှံစိုက်ပျိုးမည့်တောင်သူများ အချိန်မှီ စိုက်ပျိုးဆောင်ရွက်နိုင်ရန် သတ်မှတ်ကာလဖြစ်သည့် မတ်လ(၇)ရက်နေ့၌ ပင်မမြောင်းမကြီးမှတဆင့် နွေသီးနှံစိုက်ပျိုးမည့် စိုက်ဧကများအတွက် လက်တံမြောင်းအမှတ်(၅)မှ (၆)၊ (၇)၊ (၈)၊ (၉)၊ (၁၀)တို့မှစတင်၍ ရေပေးလွှတ်သွားမည်ဖြစ်ကြောင်း အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း တာဝန်ခံအင်ဂျင်နီယာမှ ပြောကြားသိရှိရသည်။
ကိုဇွဲ(အညာမြေ)