ဘားအံ ဖေဖော်ဝါရီ ၂၆
ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး ကော်မတီမှ ကြီးမှူး၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အဆင့်မြင့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်း ကလေးအလုပ်သမား ပပျောက်စေရန်၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ အခြေခံစီးပွားရေး အကောင်အထည်ဖော်ရန် ဖြစ်သည့် MSMEs ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူတစ်ရပ်ဖြစ်စေမည့် စက်မှုလက်မှု လုပ်ငန်းများကို အထောက်အကူပြုစေရေး၊ လုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် ကြိုးစားလေ့လာ၍ သင်တန်းမှ သင်ကြားပေးခဲ့သော သင်ခန်းစာများကို လက်တွေ့ဘဝနယ်ပယ်တွင် စနစ်တကျ အသုံးချကြစေလိုကြောင်း ပြောကြာသည်။
ထို့နောက် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဝင်းရှိန်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် NSSA မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့အကြောင်းကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့် ပြည်နယ် လူမှုရေးဝန်ကြီးတို့က သင်တန်းသားထူးချွန် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သင်တန်းဆင်း သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြသည်။
ယနေ့ သင်တန်းဆင်းပွဲတွင် ပြည်နယ်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းသား (၃၀)ဦး သင်တန်းဆင်းခဲ့ကြပြီး သင်တန်းကာလ ရက်သတ္တ ပတ် (၆) ပတ် ကြာမြင့်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းဆင်း သင်တန်းသားများ၏ လက်တွေ့လျှပ်စစ်သွယ်တန်းတပ်ဆင်မှု သင်တန်းဆင်းလက်ရာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ သင်တန်းသားများအား အားပေးစကားများ ပြောကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)