မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ်တွင် သန်းကုန်းကျေးရွာတွင် မျိုးစေ့ချကိရိယာဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချ သရုပ်ပြစိုက်ကွင်းအား ကြည့်ရှုအားပေးခြင်းနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ

မကွေး  ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်းနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာအုပ်စု သန်းကုန်းကျေးရွာရှိ ကွင်းအမှတ်(၁၃၃၈)တောင်သူ ဦးကြည်လှိုင်၏ လယ်မြေ(၅)ဧကတွင် မျိုးစေ့ချကိရိယာဖြင့် ဆာဖိုးသာစပါး တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြစိုက်ကွင်းအား ကြည့်ရှုအားပေးကာ လယ်ယာကဏ္ဍ ကုန်ထုတ်စွမ်းအားမြင့်မားရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် မြို့သစ်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာအုပ်စု သန်းကုန်းကျေးရွာသို့ ရောက်ရှိစဉ် သန်းကုန်းကျေးရွာရှိ ကွင်းအမှတ် (၁၃၃၈)တောင်သူ ဦးကြည်လှိုင်၏ လယ်မြေ(၅)ဧကစိုက်ကွင်းတွင် မျိုးစေ့ချကိရိယာဖြင့် ဆာဖိုးသာစပါး တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်း သရုပ်ပြဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးမြေနှင့်ပတ်သက်ပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ရေး အထူးကြိုးပမ်းဆောင်ရွက်ကြရန်၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ ဆီထွက်သီးနှံများ တစ်ဧကအထွက်နှုန်း တိုးတက်စေရေးနှင့် နေကြာသီးနှံ စိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေးဆိုင်ရာများနှင့် တောင်သူများအနေဖြင့် ကုန်ကျစရိတ်များပြားသည့် ဓါတ်မြေဩဇာများအစား မီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းများ၊ တိရစ္ဆာန်ထွက်စွန့်ပစ်ပစ္စည်း(အညစ်အကြေး)များနှင့် သစ်စိမ်းမြေဩဇာများမှတစ်ဆင့် သဘာဝမြေဩဇာ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သုံးစွဲနိုင်ရေး စပ်လျဉ်းပြီး တောင်သူအသိပညာပေး ပြောကြားကာ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍ လိုအပ်ချက်တင်ပြမှုများအပေါ် လိုအပ်သည်များကို ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာ ခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး တွဲဖက်ဖွင့်လှစ်ထားသည့် စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade- 9 ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့သစ်မြို့သို့ ရောက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ဦးစွာ မြို့သစ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်ဦးက ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် နွေစပါးနှင့်နွေသီးနှံ(နွေနှမ်း)လျာထားချက်၊ စိုက်ပျိုးပြီးစီးမှုနှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်က မြို့နယ်အတွင်းရှိ စွန်ဆည်၊ ဆဒ္ဒန်ဆည်၊ ပုလင်းဆည်၊ ဘုတ်ချောင်းဆည်နှင့် နတ်မောက်ဆည်တို့မှ နွေစပါးနှင့် နွေနှမ်းအတွက် ဆည်ရေပေးဝေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မြို့သစ်မြို့နယ်အတွင်း လယ်ယာကဏ္ဍကုန်ထုတ် စွမ်းအားမြင့်မားရေး လယ်ယာကဏ္ဍနှင့်ပတ်သက်၍ တောင်သူများ၏ လိုအပ်ချက်၊ လယ်ယာကဏ္ဍ စိုက်ပျိုးရာတွင် သီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တောင်သူများအနေဖြင့် မြေပဲသီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ပျိုးရေးတွင် တစ်သီးမှ နှစ်သီး၊ နှစ်သီးမှ သုံးသီး စိုက်ပျိုး၍ သီးညှပ်စိုက်ပျိုးကြရန်၊ သီးနှံများ စိုက်ပျိုးရာတွင်လည်း မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် စိုက်ပျိုးကြရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြင့်မားရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဝန်ထမ်းများနှင့် မြို့နယ်၊ ရပ်ကွက်/ ကျေးရွာစိုက်တိုးမြှင့်အဖွဲ့များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ နွေစပါးနှင့် နွေသီးနှံ အချိန်မီ စိုက်ပျိုးကြရန်နှင့် တောင်သူများ နွေစပါးစိုက်ပျိုးရန်အတွက် လိုအပ်သည့် မျိုးစေ့ချကိရိယာ (Drum Seeder)များကို ပံ့ပိုးဆောင်ရွက်ပေးရန်လိုကြောင်းနှင့် တောင်သူများ၏ အကျိုးစီးပွားအတွက် ဝန်ထမ်းများအနေဖြင့် ကွင်းဆင်း၍ တောင်သူပညာပေးကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက စိုက်ပျိုးရေး ဆောင်ရွက်ရာတွင် ရေလိုအပ်မှု အခြေအနေ၊ Drum Seeder လုံလောက်စွာရရှိရေးဆိုင်ရာနှင့် အခြားကဏ္ဍများကို ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ