မင်းလှမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုမည့် ဂေါ်ဒန်ကျောက်များအား စီးပွားဖြစ်ထုတ်ယူနိုင်ရေး ကျွမ်းကျင်ပညာရှင်များ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

အထက်မင်းလှ ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မင်းလှမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုမည့်‌ ဂေါ်ဒန်ကျောက်များအား စီးပွားဖြစ်ထုတ်လုပ်နိုင်ရေး ကျွမ်းကျင်ပညာရှင်များ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈)နာရီခွဲက ရေခါးကျေးရွာအုပ်စု၊ ရုံးပင်ကြောနှင့် ရွာအထွက် အနောက်ဘက် တောင်ကြား၊ သစ်ရာကောက်-မလွန်-မင်းလှကားလမ်းဘေး၊ ကုန်းကြီးကျေးရွာအုပ်စု၊ မင်းလှ-စစ္စနို့-သရက်ကားလမ်းဘေးတို့တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မကွေးတက္ကသိုလ် ဘူမိဗေဒဌာန၊ ပါမောက္ခ ဒေါက်တာပြေစိုးသိမ်း၊ သရုပ်ပြ ဦးထက်နောင်ခန့်၊ တိုင်းဒေသကြီး သတ္ထုတွင်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဝင်းကျော်၊ မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇံလှ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်း၊ ရေခါးကျေးရွာနှင့် ကုန်းကြီးကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးတူးဖော်ထား‌သော ဂေါ်ဒန်‌ကျောက်များကို P-1 မှ P-4 အထိ အထုပ်ငယ်များဖြင့် ကျောက်တုံးများအား ယူဆောင်ခဲ့ပြီး ကျွမ်းကျင်ပညာရှင်များက ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်မည်ဖြစ်သည်။

မင်းလှမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုမည့် ဂေါ်ဒန်ကျောက်များအား စီးပွားဖြစ်ထုတ်ယူနိုင်ရေး ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုအောင်မြင်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ တရားဝင်လုပ်ကိုင်ခွင့် လျှောက်ထားရယူကာ စီးပွားဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်၍ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဖြစ်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)