မုံရွာမြို့ ကန်သာယာပြည်ထောင်စုကျွန်းရင်ပြင်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ထောက်ခံပွဲအခမ်းအနားကျင်းပ

မုံရွာ ဖေဖော်ဝါရီ  ၂၇

ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲအခမ်းအနားကို စစ်ကိုင်းတိုင်း‌ဒေသကြီး မုံရွာမြို့ ကန်သာယာပြည်ထောင်စုကျွန်းရင်ပြင်၌ ယနေ့ နံနက် (၈) နာရီအချိန်က ကျင်းပပြုလုပ်ရာ ကြိုဆိုထောက်ခံပွဲသို့ မုံရွာမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများမှ စုစုပေါင်းပြည်သူအင်အား (၇၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်အနားတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲသို့ တက်ရောက်လာကြသူများက  ‌တိုင်းဒေသကြီး  ပြည်သူ့အားကစားကွင်း စုရပ်‌နေရာမှ ဗိုလ်ချုပ်လမ်းအတိုင်း စတင်ထွက်ခွာ၍ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် အရှေ့ဘက်ကန်သာကန်ရှိ ပြည်ထောင်စုကျွန်း ရင်ပြင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ထောက်ခံပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ အမျိုးသမီး တစ်ဦးက  ပြည်သူ့စစ်မှုထမ်းဥပဒေကို (၁၉၅၉) ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး (၂၀၁၀) ခုနှစ်၌ ပြန်လည်ပြင်ဆင်ရေးဆွဲထားရှိခဲ့ကြောင်း၊ နိုင်ငံတော်ကို ကာကွယ်နိုင်ဖို့ လုံလောက်သည့် အင်အားရှိရန်နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်လည်း လုံလောက်သည့် အင်အားရှိရန် လိုအပ်ကြောင်း၊ မိမိတို့၏ နိုင်ငံတော်ကို ကာကွယ်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ  ဥပဒေအခန်း (၁)၊ ပုဒ်မ (၄)တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ သည်  နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တဝှမ်းလုံး၌ တည်သည်ဟု ပြဋ္ဌာန်းထားခဲ့ကြောင်း၊   ပြည်သူ့စစ်မှုထမ်းဥပဒေ၏  ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရခြင်း အကြောင်း၊ ပြည်သူ့စစ်မှုထမ်းရန် အကျုံးဝင်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်း ခြင်းမှ ကင်းလွတ်ခွင့်ပြုသူ၊ စစ်မှုထမ်းခြင်းမှ ယာယီရွှေ့ဆိုင်းခံရသူများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဝိုင်းဝန်းထောက်ခံပေးကြရမည့် အကြောင်းများကို ဆွေးနွေးဟောပြောပေးခဲ့သည်။

ဆက်လက်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍  အမျိုးသားတစ်ဦးမှ ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲကို တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာနေ ပြည်သူလူထုများက “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိနေဖို့ စစ်ပညာကို သင်ကြစို့”၊ “တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး စစ်ပညာတတ်မြောက်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံပါသည်”၊ “ဒို့တာဝန်အရေး (၃) ပါး တည်တံ့ခိုင်မြဲဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံကြပါစို့” စသည့် ကြွေးကြော်သံပိုစတာ ဗီနိုင်း များကို ကိုင်ဆောင်ကြ၍  “ပြည်ထောင်စုမပြိုကွဲရေး (ဒို့အရေး)” “တိုင်းရင်းသားစည်းလုံးညီညွတ် မှုမပြိုကွဲရေး (ဒို့အရေး)”၊ “အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး (ဒို့အရေး)”၊ “ပြည်သူ့စစ်မှုထမ်း ဥပဒေကို (ထောက်ခံပါသည်)” ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)