မြို့သစ် ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက မြို့သစ်မြို့နယ်သို့ရောက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအဆင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
ဦးစွာ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဉာဏ်မြင့်ဦးက ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် နွေစပါးနှင့် နွေသီးနှံ(နွေနှမ်း)လျာထားချက်၊ စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဇော်ထက်က မြို့နယ်အတွင်းရှိ စွန်ဆည်၊ ဆဒ္ဒန်ဆည်၊ ပုလင်းဆည်နှင့် နတ်မောက်ဆည်တမံတို့မှ နွေစပါးနှင့် နွေနှမ်းအတွက် ဆည်ရေပေးဝေမှုအခြေအနေများအား (Power Point)ဖြင့် ရှင်းလင်းတင်ပြပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မြို့သစ်မြို့နယ်အတွင်း လယ်ယာကဏ္ဍကုန်ထုတ်စွမ်းအားမြင့်မားရေးအတွက် လယ်ယာကဏ္ဍနှင့်ပတ်သက်၍ တောင်သူများ၏ လိုအပ်ချက်အား ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးသီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးတွင် တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီးစိုက်ပျိုး၍ သီးညှပ်စိုက်ပျိုးကြရန်၊ သီးနှံများ စိုက်ပျိုးရာတွင်လည်း မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် စိုက်ပျိုးကြရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြင့်မားရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဝန်ထမ်းများနှင့် မြို့နယ်၊ ရပ်ကွက်/ကျေးရွာ စိုက်တိုးမြှင့်အဖွဲ့များမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ နွေစပါးနှင့် နွေသီးနှံအချိန်မီစိုက်ပျိုးကြရန်လိုကြောင်း၊ တောင်သူများနွေစပါးစိုက်ပျိုးရန်အတွက် လိုအပ်သည့် မျိုးစေ့ချကိရိယာ(Drum Seeder)များ ပံ့ပိုးဆောင်ရွက်ပေးရန်လိုကြောင်းနှင့် တောင်သူများ၏ အကျိုးစီးပွားအတွက် ဝန်ထမ်းများအနေဖြင့် ကွင်းဆင်း၍ တောင်သူပညာပေးဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့များမှ စိုက်ပျိုးရေးဆောင်ရွက်ရာတွင် မျိုးစေ့ချကိရိယာ(Drum Seeder) လုံလောက်စွာရရှိရေး၊ နွေစပါးရိတ်သိမ်းရာတွင်လည်း ရိတ်သိမ်းခြွေလှေ့စက်များ အချိန်မီရရှိရေးနှင့်အခြားကဏ္ဍများ ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်ဆက်)