ပေါက်ခေါင်း ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅၈)စက်မှုလယ်ယာစခန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး လက်ဆွဲကောက်စိုက်စက်ဖြင့် ရတနာတိုးစပါးမျိုးအား စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကင်မွန်းခြုံကျေးရွာအုပ်စု၊ရေဖြူကျေးရွာ ကွင်းအမှတ်-၇၂၁(ခ) ရေဖြူကွင်း၊ တောင်သူဦးခင်မောင်သန်း၏ လယ်မြေ(၆)ဧကတွင် ကျင်းပပြုလုပ်သည်။
သရုပ်ပြပွဲသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးလှထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးမင်းမင်းမင်းထွန်း၊ ပေါက်ခေါင်းမြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီတာဝန်ရှိသူအဖွဲ့ဝင်များနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများတက်ရောက် ကြည့်ရှုလေ့လာကြသည်။
သရုပ်ပြပွဲ၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးလှထွန်းက တက်ရောက်လာသူများအား လက်ဆွဲကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကြောင့်ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုကိုလက်တွေ့စိုက်ပျိုးပြသခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများမှစိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ နွေစပါးစိုက်ပျိုးရာသီတွင် (၁၁၄၂၄)ဧက စိုက်ပျိုးရန်လျာထားလျက်ရှိပြီး စိုက်ပျိုးဧကများပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ရန် ကြိုးစားစိုက်ပျိုးလျက်ရှိကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)