မြောင်းမြ ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြောင်းမြ ပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာစကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကို ယနေ့နံနက် (၉:၀၀) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝေက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်လင်းပြောကြားခဲ့ပြီး "စာဖတ်ခြင်း၏အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ခင်ဝေဝေမြင့်က ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများ ဖြစ်ကြသော ဒုတိယနှစ်မှ မောင်သန့်ဇင်အောင်နှင့် မသဇင်ခိုင်တို့က "လူငယ်နှင့် အသိပညာ"၊ ဒုတိယနှစ်မှ မောင်ဇော်လင်းထွန်း၊ ပထမနှစ်မှ မသက်မျိုးစန္ဒာနှင့် မောင်အောင်ဟိန်းထက်တို့က "လူငယ်နှင့် အောင်မြင်မှုပန်းတိုင်" ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူများက သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူသင်တန်းသား၊ သင်တန်းသူများက ပြန်လည်ဖြေကြားခဲ့ပြီး မြို့နယ်အားကစားမှူး ဦးစိုင်းဝေလင်းနောင်က ဖြည့်စွက်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲများအပြီးတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှထွဋ်ဦးက စားသုံးသူရေးရာအသိပညာပေး ဟောပြောခဲ့ပြီး၊ မြို့နယ်အားကစားမှူး ဦးစိုင်းဝေလင်းနောင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်များပေးအပ်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဝေဝေ (မြောင်းမြ)