ပန်းတောင်း ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လေပြင်းဘေးအန္တရာယ် ကျရောက်ပျက်စီးနိုင်သော တလုပ္ပင်ကျေးရွာအုပ်စုမှ နေအိမ်(၃၀၀)လုံးအတွက် အမိုးအကာများ အားဖြည့်ပြင်ဆင်ခြင်း လုပ်ငန်းများကို ယနေ့နံနက် (၈)နာရီအချိန်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပန်းတောင်းမြို့နယ် တလုပ္ပင်ကျေးရွာအုပ်စု၊ တုံကင်းကျေးရွာအုပ်စုနှင့် ထောက်ကြန့်ကုန်း ကျေးရွာအုပ်စုတို့မှ အမိုးအကာများ အားဖြည့်ပြင်ဆင်ရန် လိုအပ်သော အိမ်ခြေ (၅၀၀) အား အိမ်ဆောက်ပစ္စည်းများ ဖြစ်သည့် ထရံ၊ ဝါးလုံးနှင့် သွပ်နန်းကြိုးများအား တစ်အိမ်ထောင်လျှင် ကျပ်(၄၃၀၀၀)နှုန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှ စတင်၍ ၎င်းနေအိမ်များအား ပန်းတောင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေခိုင်ဆက်နှင့် ဝန်ထမ်းများ၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျေးရွာရှိ စေတနာ့ဝန်ထမ်း လူငယ်များက လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ် ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသည့် လူနေအိမ်များ ဖြစ်စေရေးအတွက် နေအိမ်များ ပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
လပြည့်လင်း (ပြန်/ဆက်)