ငဖဲ ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအရာများကို ပြည့်ပြည့်စုံစုံသိရှိစေရန် ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က မြို့မရပ်ကွက်ချင်းစုဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး သန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်စိုး၊ ဗိုလ်ကြီး မျိုးကျော်သူ (တပ်နယ်ကိုယ်စားလှယ်)၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးပွားမောင်နှင့် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ယုယုသိန်းတို့က ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းရခြင်းနှင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရခြင်းအကြောင်းရင်းများ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ စစ်မှုထမ်းရမည့်သူများ၊ ပြည်သူ့စစ်မှုထမ်းမှ ကင်းလွတ်ခွင့်ပြုထားသူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဉပဒေပုဒ်မ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ပတ်သက်သည့် သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)